သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ် သဘောတူညီချက် လက်မှတ်ထိုးဖို့ UNFC ကမ်းလှမ်း


UNFC ပြည်ထောင်စုနေ့ သဘောထားထုတ်ပြန်ချက်
UNFC ပြည်ထောင်စုနေ့ သဘောထားထုတ်ပြန်ချက်

လာမယ့် ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC က ကမ်းလှမ်းလိုက်ပါတယ်။ ဒီလို ကမ်းလှမ်းလိုက်တာဟာ နိုင်ငံရေး အာမခံချက်တခု ရရှိထားရင် တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို ပိုမိုချောမွေ့လျင်မြန်စေလိမ့်မယ်လို့ ယုံကြည်တာကြောင့်လို့ UNFC ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကမ်းလှမ်းချက်ဟာ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လစဉ်မိန့်ခွန်း ပါ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး သဘောတူညီချက် ခိုင်မာစွာ ရရှိထားပြီဆိုတဲ့ အချက်အပေါ်မှာ အခြေပြုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တောင်းဆိုလိုက်ဖြစ်ပါတယ်။

ဘာကြောင့် ဒီလို ကမ်းလှမ်းရသလဲဆိုတာကို UNFC ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှုး (၁) ဗိုလ်မှုးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။

"မိန့်ခွန်းကို ယုံကြည်ပြီးသားပါ။ လေးလည်း လေးစားတယ်။ သို့သော် မိန့်ခွန်းအပြင် Written Document လေး ရရင်တော့ ပြည်ထောင်စုနေ့မှာ အဓိပါယ်ပြည့်ဝတာပေါ့။ ရရှိတဲ့ အကျိုးအမြတ်က တဦးနဲ့တဦး ရင်းနှီးမှု၊ ယုံကြည်မှု မြင့်လာမယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူဖို့အတွက် အများကြီး လွယ်သွားမယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေက အားလုံးက အပစ်အခတ်ရပ်ပြီဆိုရင် အားလုံးက စိတ်ဓာတ် မလုံမခြုံ ဖြစ်တာက နိုင်ငံရေး အာမခံချက် ရှိပြီလား။ နိုင်ငံရေးအာမခံချက် မရှိပဲနဲ့ မရပဲနဲ့ အပစ်ရပ် လက်မှတ်မထိုးသင့်ဘူးဆိုတဲ့ သတိပေးချက်တွေ စိုးရိမ်ချက်တွေက သိပ်များတယ်။ များတဲ့အတွက် ဒါကို ကျနော်တို့က ချေပတဲ့အနေနဲ့ သမ္မတကိုယ်တိုင်ရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ နိုင်ငံရေးအာမခံချက်ရပြီ။ နိုင်ငံရေး အာမခံချက်ကို လက်ထဲ အပြည့်ရပြီဆိုရင် အပစ်ရပ်တာကို လက်မှတ်ထိုးကြရအောင်။ ဒါဆိုရင် ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးက လွယ်သွားတာကိုး။

တချိန်တည်းမှာပဲ ဒီလို လက်မှတ်ထိုးလိုက်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်က ပြည်ထောင်စုက ခွဲမထွက်ဘူးဆိုတာကို အပြန်အလှန် အာမခံလိုက်တာဖြစ်တယ်လို့ ဗိုလ်မှုးကြီးခွန်ဥက္ကာက ဆက်ပြောပါတယ်။

"ရှင်းရှင်းပြောရရင်ဗျာ။ တော်လှန်ရေး အဖွဲ့တွေဘက်မှာလည်း ရခိုင် လွတ်လပ်ရေး ပြောတဲ့သူရှိတယ်။ ရှမ်းပြည်လွတ်လပ်ရေး ပြောတဲ့သူရှိတယ်။ တချို့ကလည်း နိုင်ငံတော် တည်ဆောက်မယ် ဆိုပြီးတော့ ကောလဟာလ လျှောက်ပြောတာတွေရှိတာပဲ။ ဒါကြောင့် တိုင်းရင်းသားတွေဘက်က ခွဲထွက်ရေးတို့ လွတ်လပ်ရေးတို့ ဆိုတာတွေကို မဟုတ်ဘူး။ မရှိဘူး။ ဖက်ဒရယ်ပြည်ထောင်စုမှာ အတူတူနေဖို့ ရှိတယ်ဆိုတာ နှစ်ဖက် ကတိကဝတ် ထားကြလိုတဲ့ သဘောပါ။ အဲ့သလို။"

UNFC ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ အမျိုးသားပြည်နယ်တွေကို အခြေခံဖို့ ဖော်ပြထားပါတယ်။ လောလောဆည် ကမ်းလှမ်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မူအားဖြင့် သဘောတူကြောင်းကိုအဓိကထားပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမယ့် အခြေခံတွေ၊ အာဏာခွဲဝေမှုတွေ စတဲ့အချက်တွေကိုတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အသေးစိတ်ဆွေးနွေးဖို့ ရည်ရွယ်ထားကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

UNFC ရဲ့ ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး အစိုးရဖက်က သဘောထားကို သိရှိနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကို ညှိနှိုင်းဆောင်ရွက်ပေးနေ တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တာဝန်ရှိသူ တဦးကတော့ UNFCက လွန်ခဲ့တဲ့လက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တဆင့် နိုင်ငံတော်သမ္မတကို ပေးပို့ခဲ့ကြောင်း၊ ဒီစာအပေါ်မှာ ဝန်ကြီး ဦးအောင်မင်းက အကြောင်းပြန်ထားကြောင်း ပြောပါတယ်။ အကြောင်းပြန်ကြားချက်အသေးစိတ်ကို ထည့်သွင်းပြောဆိုတာ မရှိပေမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီက ချမှတ်တဲ့ မူဝါဒအတိုင်း ဆောင်ရွက်ဖို့ ရှိနေကြာင်း သုံးသပ်ပြောဆိုပါတယ်။

မကြာမှီရက်တွေမှာတော့ MPC ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပြီး ဒီလိုတွေ့ဆုံရာမှာ UNFC ရဲ့ ကမ်းလှမ်းချက်ကိုဆွေးနွေးဖွယ်ရှိနေပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့အတွက် ဒီလအတွင်း ထပ်မံဆွေးနွေးဖို့ သဘောတူထားပေမဲ့ လတ်တလောဖြစ်ပွားနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ရက်သတ်မှတ်နိုင်တာတော့ မရှိသေးပါဘူး။

လာမယ့် ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ကျရောက်မယ့် ၆၈နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံပွဲကို ဖိတ်ကြားထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံးကို အစိုးရက ဖိတ်ကြားဖို့ ရှိနေပါတယ်။

XS
SM
MD
LG