သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဖွဲ့စည်းပုံအသစ် လိုအပ်


မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ UNFC လို့ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီကနေ ကြီးမှူးပြီးတော့ ဖွံ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲဖို့လိုမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေး အပါအဝင် အချက် ဆယ်ချက်ကို အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုဆုံးဖြတ်ချက်ကိုတော့ ညီလာခံတက်ရောက်ခဲ့တဲ့ ပြည်တွင်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့လည်း သဘောတူလက်ခံတယ်လို့ ဒီကနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ UNFC ခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်း ပေးပို့ထားပါတယ်။

UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကနေကြီးမှူးပြီးတော့ တိုင်းရင်းသားလူမျိုးများ ညီလာခံတရပ်ကို ထိုင်းနိုင်ငံမှာကျင်းပခဲ့ပါတယ်။ ဇူလိုင်လ (၂၉) ရက်ကနေ (၃၁) ရက်နေ့အထိ ကျင်းပခဲ့တဲ့ညီလာခံကနေ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စံနစ် တည်ဆောက်ရေးကိစ္စရပ်အပါအဝင် အချက် (၁၀)ချက်ကို ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်လို့ UNFC ရဲ့တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဆယ်ခုလောက်ရှိတယ်ခင်ဗျ။ သို့သော်လည်း အရေးအကြီးဆုံးပဲ ပြောရရင်တော့ ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည်ကို ထူထောင်မယ် ဆိုတာတော့ အားလုံး သဘောတူ ဆုံးဖြတ်နိုင်တဲ့ကိစ္စတစ်ခုပေါ့ဗျာ။ နောက် ထူးထူးခြားခြားတစ်ခု ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ မရနိုင်ဘူး။ သူ့ကို ပြင်ရင်လည်းခက်မယ်ပေါ့။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို အသစ် ထပ်မံရေးဆွဲဖို့လိုမယ်လို့- ဒါကြောင့် အားလုံးသဘောတူ- အတွင်းအပြင် အင်အားစုတွေ ပါဝင်ပြီးတော့မှ ရေးဆွဲကြမယ်ပေါ့။ အဲဒါ နံပါတ် ၂ ပေါ့နော်။ နံပါတ် ၃ ကတော့ အမျိုးသား တန်းတူရေးကို လက်ခံမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ လွယ်ကူအောင် တိုင်းရင်းသားလူမျိုးကလည်း တမျိုးဖြစ်နေတော့ ဗမာတိုင်းရင်းသားလူမျိုးတွေကို ကိုယ်စားပြုမယ့် အမျိုးသားပြည်နယ်တစ်ခု ထူထောင်ဖို့ဆိုတာ ဒီမိုကရေစီအင်အားစုတွေက သဘောတူ လက်ခံရမယ်လို့ ဆုံးဖြတ်သွားတယ်ခင်ဗျ။”

တိုင်းရင်းသားလူမျိုးများညီလာခံကနေ ချမှတ်တဲ့လုပ်ငန်းစဉ်တွေနဲ့ ပက်သက်ပြီး ဒီကနေ့ မွန်းလွဲပိုင်းလောက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုးများညီလာခံကနေ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေပြင်ဆင်ရေးမှာ အခက်တွေ့နေတဲ့ အခြေအနေတွေကြောင့် အသစ်ပြန်လည်ရေးဆွဲပြီး လူထုကိုချပြတဲ့ နည်းလမ်းရှာသွားမယ်ဆိုပြီး ဆုံဖြတ်ထားတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုပြောပါတယ်။

“ပြင်ဆင်ဖို့ မလွယ်ရင် အသစ်ရေးမယ်လေ။ ဒါကြောင့် ကျနော်တို့ဆုံးဖြတ်ချက်မှာ အသစ်ရေးဖို့ဆိုတာ ပါတယ်။ အသစ်ရေးတာ ပိုလွယ်မယ်ဆိုရင်လည်း ကျနော်တို့ ဗမာပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံး၊ ပြည်သူအားလုံး ကြိုက်နှစ်သက်တဲ့ပုံစံ အသစ်ရေးမှာပေါ့။ အသစ်ရေးတဲ့အခါ တိုင်းပြည်ကို တင်ပြမှာပေါ့။ တင်ပြတဲ့အခါ တိုင်းပြည်က ကောင်းတယ်၊ ကြိုက်တယ်ဆိုရင် ဒါက တရားဝင်လမ်းကြောင်း ဖြစ်အောင်လုပ်ရမှာပေါ့ဗျာ။ သဘောထားစုပေါင်းလိုက်ရင်တော့ သိပ်ဝေးတဲ့ဟာကိုလည်း တရားဝင်မှုပြုလုပ်နိုင်တဲ့ လမ်းစ ရှိပါတယ်ခင်ဗျ။”

ဒီညီလာခံကို (UNA) ခေါ်ညီညွတ်သော တိုင်းရင်းသားမဟာမိတ်များ အဖွဲ့ဝင်များဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ဒီမိုကရေစီပါတီ စတဲ့ပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်လာကြသလို (၂၀၁၀) ရွေးကောက်ပွဲဝင် ပြည်တွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆုံးဖြတ်ချက်ချရာမှာ ပြည်တွင်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့နဲ့ အမြင်သဘောထားတူညီနေတယ်လို့လည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“ပြည်တွင်းအင်အားစုတွေနဲ့ အပြင်မှာရှိတဲ့ ကျနော်တို့တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့ကြတယ်ဆိုပါတော့။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ တိုးတက်မှုဖြစ်တယ်လို့လည်း ပြောနိုင်တယ်။ နောက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးတဲ့နေရာမှာလည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လို သဘောထားမလဲ၊ အဲဒါ ကျနော်တို့က အတွင်းရော အပြင်ရော အမြင်တူပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဆက်လက်တည်ဆောက်သွားမယ်ဆိုတာလည်း အမြင်တူပါတယ်။”

UNFC ခေါ်ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအနေနဲ့ ဒီညီလာခံကနေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ဒီသြဂုတ်လကုန်လောက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီနဲ့ တွေ့ဆုံမှုမှာ တင်ပြဖို့ရှိတယ်လို့လည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
လက်ရှိအနေအထားအရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မိတီ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရှိဖို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမဲ့လည်း မြန်မာတပ်မတော်နဲ့ ကေအိုင်အို ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် SSPP/SSA တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA မွန်ပြည်သစ်ပါတီက အောက်ခြေဒေသခံတပ်ဖွဲ့တို့နဲ့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။
အခုလိုဖြစ်ပွားတဲ့ စစ်ရေးတင်းမာမှုတွေဟာ နှစ်ဖက်အကြားနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နိုင်ရင် ပြေလည်သွားနိုင်မယ် လို့လည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဒီညီလာခံကို UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်း (၁၈) ဖွဲ့က ကိုယ်စားလှယ်တွေ၊ UNA ခေါ် ညီညွတ်သောတိုင်းရင်းသားများမဟာမိတ် အဖွဲ့ဝင်တွေ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ပြည်တွင်း တိုင်းရင်းသား နိုင်ငံရေး ပါတီများ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ကိုယ်စားလှယ်တွေ၊ လူငယ်အဖွဲ့အစည်းတွေ အမျိုးသမီး အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ လူထု အကျိုးပြုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာရောက် တိုင်းရင်းသား အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ တတ်သိပညာရှင်တွေနဲ့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ ကိုယ်စားလှယ်တွေ စုစုပေါင်း (၁၂၂) ဦးတက် ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီညီလာခံကို ဝပြည် သွေးစည်းညီညွှတ်ရေးပါတီ UWSP၊ မိုင်းလား အခြေစိုက် အမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစု NDAA၊ မြန်မာ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) အဖွဲ့တို့ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG