သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပြည်လုံးအပစ်ရပ်ရေး လက်မှတ်ရေးနိုင်ဖို့ အလားအလာနည်းပါး


UNFC အစည်းအဝေး - ၂၀ ဖေဖော်ဝါရီ ၂၀၁၃ (ဓာတ်ပုံ - ညိုအုန်းမြင့်)
UNFC အစည်းအဝေး - ၂၀ ဖေဖော်ဝါရီ ၂၀၁၃ (ဓာတ်ပုံ - ညိုအုန်းမြင့်)
နိုင်ငံတော်သမ္မတက လိုလားနေတဲ့ ဇူလိုင်လအတွင်း တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ကိစ္စဟာ အလားအလာ နည်းပါးနေပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီလို လက်မှတ်ရေးထိုးမယ်ဆိုရင် နိုင်ငံရေးအရ သဘောတူညီချက် တစုံတရာ ရရှိဖို့ လိုမှာဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ စုစည်းထားတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီဘက်က ပြောဆိုလိုက်တာကြောင့် ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ရဲ့ နှစ်ဘက် နည်းပညာ အကြံပေးအဖွဲ့ (Technical Team) တို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ကိစ္စအပေါ် သဘောထားကို UNFC ရဲ့ နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင်က ထုတ်ဖော်ပြောကြားတာ ဖြစ်ပါတယ်။

UNFC ရဲ့ နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ပဒိုမန်းမန်းပြောဆိုတာက - “တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးဖို့ ကိစ္စမှာက ကျနော်တို့က ဒီ နိုင်ငံရေးအရပေါ့နော် ကျနော်တို့ ရှေ့ဘယ်လိုသွားမလဲ။ နိုင်ငံရေးမူပေါ့ သဘောတူညီချက်လည်း ရရှိထားပြီးသား ဖြစ်ရမယ်။ တပြည်လုံး ဒီ နိုင်ငံရေး အာမခံချက် ဘယ်လိုဆက်သွားမလဲဆိုတဲ့ကိစ္စကို သဘောတူညီချက် မရသေးဘဲနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ လက်မှတ်ရေးထိုးမှု တခုတည်းနဲ့ကတော့ ဒါကတော့ ရေရှည်မှာ ခိုင်မာမှု ရှိမှာမဟုတ်ဘူး။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လအတွင်း တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ လိုလားကြောင်းကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနားမြို့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မေလက တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။

UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ရဲ့ နည်းပညာ အကြံပေးအဖွဲ့တို့ဟာ လွန်ခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံပြီး UNFC ရဲ့ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ပဒိုမန်းမန်းက ဦးဆောင်ခဲ့သလို၊ လုပ်ငန်းကော်မတီတို့ရဲ့ နည်းပညာ အကြံပေးအဖွဲ့ကိုတော့ ဦးလှမောင်ရွှေက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ UNFC ဘက်က နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ငန်းစဉ် မူဘောင်တွေ ချမှတ်ဖို့ တင်ပြဆွေးနွေးခဲ့သလို၊ လုပ်ငန်းကော်မတီတို့ရဲ့ နည်းပညာ အကြံပေးအဖွဲ့ဘက်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

UNFC ဘက်က တပြည်လုံး အတိုင်းအတာဆောင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အမျိုးသမီးနဲ့ လူငယ် အဖွဲ့အစည်းတွေ ပါဝင်ပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ချမှတ်ဖို့၊ ချမှတ်တဲ့ အချက်တွေကို အစိုးရကိုယ်စားလှယ်များနဲ့ ဆွေးနွေးဖို့၊ ဒီမူဘောင် သဘောထားတွေကို ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားဖို့နဲ့ နောက်မှာ အစိုးရ၊ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အင်အားစုတွေ အားလုံးပါဝင်တဲ့ ပင်လုံလို ညီလာခံကြီးတရပ် ခေါ်ယူသွားဖို့ ဆိုတဲ့အချက်တွေ အပါအဝင် အချက် ၆ ချက်ကို တင်ပြထားတာ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် နိုင်ငံရေးပါတီဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ဖို့၊ လွှတ်တော်အတွင်းကနေ အခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ဖွဲ့စည်းပုံနဲ့အညီ တခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ကူးပြောင်းရေးဆိုတဲ့ အချက်တွေ အပါအဝင် အချက် ၈ ချက် ထုတ်ပြန်ထားပါတယ်။

ဒီမတူညီတဲ့ လုပ်ငန်းစဉ် Roadmap အတွက် နိုင်ငံရေးမူဘောင်တွေ ချမှတ်ဖို့ကို ဆက်လက် ညှိနှိုင်းရေးအတွက် နောက်လမှ ထပ်မံဆွေးနွေးဖို့ တောင်းဆိုထားတယ်လို့လည်း ပဒိုမန်းမန်းက ပြောပါတယ်။

“ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ဒါ ဘယ်လို ကျော်လွှားလို့ ရမယ်ဆိုတာကိုတော့ ကျနော်တို့ အဖြေရှာရမှာဖြစ်တဲ့အတွက် ကျနော်တို့က အဲ့ဒါကိုတော့ လာမယ့် သြဂုတ်လမှာ တွေ့ဆုံလို့ ရမလားဆိုတဲ့ကိစ္စကို တောင်းဆိုထားတယ်ပေါ့နော်။ သူတို့ကတော့ ဒီ နိုင်ငံရေးမူဘောင် Roadmap နဲ့ ပတ်သက်လို့တော့ ဆုံးဖြတ်ချက် ပေးနိုင်မှာ မဟုတ်ဘူး။ ဒီဇူလိုင်လ မကုန်ခင်လောက်မှာတော့ အကြောင်းပြန်ပေးမယ် ဆိုတဲ့ဟာမျိုးတော့ ပြောဆိုလာပါတယ်။”


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ရဲ့ နည်းပညာ အကြံပေးအဖွဲ့တို့ တွေ့ဆုံပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရင် လေ့လာသူထားရှိရေး၊ ကြားခံ ညှိနှိုင်းဆောင်ရွက်သူ ထားရှိရေး ကိစ္စကိုပါ ဆွေးနွေးခဲ့တယ်လို့ UNFC က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က နည်းပညာ အကြံပေး အဖွဲ့ချင်း တွေ့ဆုံတာနဲ့ပတ်သက်ပြီး အစိုးရဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ လားဟူ၊ ၀ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ UNFC အဖွဲ့တို့ဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ပါတယ်။
XS
SM
MD
LG