သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်တွေ အနာဂတ်ရင်းနှီးမြှုပ်နှံဖို့ ကုလတိုက်တွန်း


ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ။
ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ။

ဆင်းရဲတဲ့နိုင်ငံတွေအနေနဲ့ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် နိုင်ငံရဲ့ဖွံ့ဖြိုးမှု ကြီးကြီးမားမား တိုးတက်လာမှာဖြစ်တယ်လို့ UNFPA ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ ကမ္ဘာ့လူဦးရေ အခြေပြ အစီရင်ခံစာမှာ အကြံပေးထားပါတယ်။

မြန်မာနိုင်ငံမှာရော လူငယ်တွေ အနာဂတ်အတွက် နိုင်ငံအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါသလဲ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာမှာ နိုင်ငံတွေအနေနဲ့ လူငယ်ထုရဲ့ ပညာရေး၊ အတတ်ပညာ ကျွမ်းကျင်ရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အင်နဲ့အားနဲ့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ထွက်လာမယ့် အကျိုးရလဒ်ဟာ အလွန်ကြီးမားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူငယ်တွေကို အရေးမကြီးတဲ့ ဒါမှမဟုတ် ဖျက်ဆီးတဲ့သူတွေအဖြစ် သတ်မှတ်ချက်တွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပယ်ဖျက်ဖို့လည်း UNFPA က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကမ္ဘာမှာရှိနေတဲ့ အသက် ၁၀ နှစ်နဲ့ ၂၄ နှစ် အရွယ်ကြား လူငယ်ဦးရေ ၁.၈ ဘီလီယံအတွက် သက်ဆိုင်ရာ အစိုးရတွေက အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ လုပ်ငန်းကျွမ်းကျင်ရေး အထောက်အကူ ပေးမယ်ဆိုရင် သူတို့ရဲ့လုပ်အားလစာဝင်ငွေကြောင့် လူဦးရေ သန်းရာပေါင်းများစွာရဲ့ ဆင်းရဲမွဲတေမှုတွေကို ပပျောက်စေနိုင်တယ်လို့ UNFPA က ဆိုပါတယ်။

ဂျီနီဗာအခြေစိုက် UNFPA ညွှန်ကြားရေးမှူး Alanna Armitage ကလည်း ဒီအချက်ဟာ သီအိုရီ သဘောတရားဆိုင်ရာ ယူဆချက် မဟုတ်ဘူးလို့ ပြောပါတယ်။ ၁၉၆၀ ခုနှစ်တွေတုန်းက အရှေ့အာရှ နိုင်ငံအတော်များများဟာ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုကို အင်နဲ့အားနဲ့ လုပ်ခဲ့ကြကြောင်းနဲ့ ပြည်တွင်းထုတ်ကုန်ပမာဏရဲ့ ၆% ဟာ သူတို့ရဲ့ လုပ်အားဖြစ်ပြီး နိုင်ငံအချို့မှာ တိုင်းပြည်ဝင်ငွေရဲ့ လေးဆ လောက် တိုးလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အာဖရိကရဲ့ ဆဟာရ အောက်ပိုင်းဒေသအနေနဲ့ အရှေ့အာရှကို နမူနာယူဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် လူငယ်ဦးရေ ၁.၈ ဘီလီယံအနက် ၁၀ ယောက်မှာ ၉ ယောက်ဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေမှာ နေကြရပြီး သူတို့တွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်လုံခြုံရေး စတာတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Alanna Armitage က ပြောပါတယ်။

“နှစ်စဉ် ခန့်မှန်းခြေ လူငယ်ဦးရေ သန်းပေါင်း ၁၂၀ ဟာ လုပ်သားအင်အားထဲ ဝင်ရောက်နေကြပါတယ်။ UNFPA အစီရင်ခံစာအရ ကမ္ဘာ့အလုပ်လက်မဲ့ဦးရေ ငါးပုံနှစ်ပုံဟာ လူငယ်ထု ဖြစ်ပါတယ်။ လူငယ်တွေဟာ လုပ်ငန်းခွင်မှာ တန်းတူမှုမရှိတာ၊ ခွဲခြားဆက်ဆံခံရတာ၊ ထုတ်ပယ်ခံရတာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ အထူးသဖြင့် အမျိုးသမီးငယ်တွေဟာ သူတို့အရည်အချင်း၊ အခွင့်အလမ်းနဲ့ အခွင့်အရေးတွေရဖို့ အမျိုးသားငယ်တွေထက် အတားအဆီးတွေ ပိုပြီး ကြုံတွေ့နေရပါတယ်။”

ဒီနှစ် ၂၀၁၄ အတွက် ကောက်ခံတဲ့ သန်းခေါင်းစာရင်းအရ အသက် (၁၀-၂၄) နှစ်အကြား မြန်မာလူငယ်ဦးရေဟာ တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာလူငယ်တွေ အများဆုံး ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ မြန်မာကျောင်းသားလူငယ်တဦးဖြစ်တဲ့ မငြိမ်းချမ်းမေက အခုလို ပြောပြပါတယ်။

“အရည်အသွေးမမှီတဲ့ ပညာရေးကို လူငယ်တွေ သင်ကြားနေရတယ်။ ဒီတော့ လူငယ်တွေက ဘာတွေဖြစ်လာသလဲဆိုတော့ လက်တွေ့ အလုပ်အကိုင်နဲ့ ပတ်သက်လာလို့ရှိရင် အရည်အချင်းပြည့်ဝတဲ့ အလုပ်သမားတွေ မဟုတ်တော့ဘဲနဲ့ သူတို့ဟာ အရည်အသွေး မပြည့်ဝတဲ့ ပညာရေးကို သင်ရတဲ့အတွက်ကြောင့် အလုပ်အကိုင် ရှားပါးတဲ့ပြဿနာ စကြုံရတယ်ပေါ့။ နောက်တခုကကျတော့ ကျမတို့ဆီမှာ လူငယ်တွေအတွက် ဖန်တီးနိုင်မှု အခွင့်အလန်းတွေ နည်းနေသေးတယ်။ ကျမတို့ဆီမှာ လူငယ်သိပ္ပံပညာရှင်တွေ အများကြီး လိုသေးတယ်။ လူငယ်နိုင်ငံရေးသမားကောင်းကြီးတွေ အများကြီး လိုသေးတယ်။ လူမှုရေးသိပ္ပံပညာရှင်တွေ အများကြီး လိုသေးတယ်။ အဲတော့ ကျမတို့ဆီမှာ ဖန်တီးနိုင်မှု သိပ္ပံပညာရှင်တွေ၊ လူငယ်တွေ အများကြီး လိုပါတယ်။ ဒီအတွက်လည်း ကျမတို့ သိပ္ပံပညာနဲ့ ပတ်သက်လို့လည်း အများကြီး ကြိုးစားရပါဦးမယ်။”

ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်အများစုဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် သွားရောက် လုပ်ကိုင်နေကြရတယ်လို့ ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်တဲ့ ကိုနေစက်ကြာနိုင် က ပြောပါတယ်။

“၁၉၉၂ မွေးခဲ့တဲ့ လူငယ်တွေ တော်တော်များများက ဘယ်ရောက်နေကြလဲဆိုရင် ထိုင်းတို့၊ မလေးတို့၊ အိမ်နီးနားချင်း များသောအားဖြင့် ကိုရီးယားတို့ အဲ့လိုတွေ ရောက်နေကြတယ်။ ကျနော်တို့နိုင်ငံမှာက အလုပ်မရှိဘူးဗျာ။ အလုပ်မရှိတဲ့အခါကျတော့ သူတို့တပ်ထားတဲ့ ရထားတဲ့ဘွဲ့လေးတွေနဲ့ တခြားလူငယ်တွေကို ပြောတာမဟုတ်ဘူး ဘွဲ့တခုရထားတဲ့ လူငယ်တွေ၊ ဘွဲ့ရပြီးတဲ့အခါမှာ လုပ်စရာ ရှေ့ကိုဆက်ဖို့ရာ လမ်းမရှိဘူး။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက အဲ့ဒီတော့ သူများနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကုန်ကြတယ်ဗျာ။”

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် စုစုပေါင်း နိုင်ငံအသုံးစရိတ်မှာ ပညာရေးအတွက် ၅.၉၂ %၊ ကျန်းမာရေး ၃.၃၈% လျာထားခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေး အသုံးစရိတ်ကတော့ ၂၀၁၃ ခုနှစ် စာရင်းအရ ၁၂% ကျော် ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကျန်မားရေး၊ ပညာရေး အသုံးစရိတ်တွေဟာ အရင် နအဖစစ်အစိုးရ လက်ထက်ကထက်စာရင် တိုးမြှင့်ခဲ့ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် လွန်စွာပဲ နိမ့်ကျနေတာပါ။

UNFPA ရဲ့ ကမ္ဘာ့လူဦးရေ အခြေပြ အစီရင်ခံစာမှာလည်း လူငယ်တွေရဲ့ အလုပ်အကိုင် စွမ်းရည်နဲ့ အသိပညာတွေ တိုးတက်လာဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို နိုင်ငံတွေအနေနဲ့ တိုးမြှင့်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG