သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်ပြန်လာရေး အခက်အခဲ ကုလထောက်ပြ


ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။

ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့နိုင်ရေး အကူအညီပေးမှာ ဖြစ်ပေမဲ့ လတ်တလောမှာတော့ ဒုက္ခသည်တွေ ပြန်လည်အခြေချမယ့် ဒေသတွေမှာ အဆင်သင့် မဖြစ်သေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ဒုက္ခသည်အရေး ကြိုးပမ်းနေသူတွေကလည်း ထိုင်းနိုင်ငံမှာ ခိုလှုံနေသူတွေ ပြန်လည်အခြေချနိုင်ဖို့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းတာ အပါအဝင် ဘေးကင်းလုံခြုံမှုနဲ့ တည်ငြိမ်မှုတွေရှိဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ သတိပေးနေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စစ်အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ထိုင်းနိုင်ငံရှိ စခန်း ၉ ခုက မြန်မာနိုင်ငံသား ဒုက္ခသည် ၁ သိန်း ၃ သောင်းလောက်ကို နေရပ်ရင်း ပြန်ပို့ဖို့အတွက် ဒီရက်ပိုင်းအတွင်း ပြောဆိုထားတာဖြစ်သလို မြန်မာအစိုးရ တာဝန်ရှိသူတွေလည်း နေရပ်ရင်းပြန်မယ့် ဒုက္ခသည်တွေအတွက် အဆင်သင့်ဖြစ်အောင် စီစဉ်နေတယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဗွီအိုအေက ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို မေးမြန်းရာမှာတော့ - မိမိသဘော ဆန္ဒအလျောက် နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာမထိခိုက်ဘဲ နေရပ်ပြန်နိုင်ဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သက်ဆိုင်ရာနိုင်ငံတွေက အာဏာပိုင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုအသိုင်းတွေနဲ့အတူ လက်တွဲ ဆောင်ရွက်နေကြောင်း UNHCR ရုံးက တာဝန်ရှိသူက အီးမေးလ်က တဆင့် ပြန်ကြားပါတယ်။

ဒါပေမဲ့လည်း လောလောဆယ်မှာတော့ ဒုက္ခသည်တွေ အများစုရဲ့ နေရပ်ရင်းဖြစ်တဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသက အခြေအနေတချို့အရ ဒုက္ခသည်တွေ စည်းစနစ်တကျ နေရပ်ပြန်ရေး လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် အပြည့်အ၀ ပံ့ပိုးဆောင်ရွက်ဖို့ မဖြစ်နိုင်သေးကြောင်း သုံးသပ်ထားပါတယ်။

ဒီအခြေအနေတွေကတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ မရရှိသေးတာ၊ မြေမြှုပ်မိုင်းတွေ မရှင်းလင်းရသေးတာနဲ့ အချို့ဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ၊ မြေယာနဲ့ သက်မွေးဝမ်းကြောင်း အခက်အခဲ စတာတွေ ပါဝင်တယ်လို့ ဖော်ပြပါတယ်။ နေရပ်မပြန်လိုသူတွေနဲ့ တတိယနိုင်ငံတွေကို ရွှေ့ပြောင်းလိုသူတွေနဲ့ ပတ်သက်လို့တော့ ဘာသဘော တူညီချက်မှ ချမှတ်ထားတာ မရှိသေးဘူးလို့ ပြန်ကြားထားပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီက ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဒယ်နီရယ် ကတော့ ဒုက္ခသည်တွေ ပြန်ပို့မယ်ဆိုရင် အဓိက နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုအပ်ကြောင်း အခုလို ပြောပါတယ်။

“အဓိကအရေးကြီးဆုံးကတော့ ဒီနိုင်ငံရေးအပိုင်းပဲပေါ့။ တကယ် မြန်မာပြည်မှာ အပစ်အခတ်ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့က ခိုင်ခိုင်မာမာ ရှိနေဖို့က လိုတယ်။ နိုင်ငံရေးပြေလည်မှသာလျှင် ဒီဟာတွေကို စဉ်းစားပေးတယ်ပေါ့နော်။ ဒါကတော့ အဓိက နိုင်ငံရေး တည်ငြိမ်ဖို့က အဓိကကျတာပေါ့။ ဒါတွေ ပြင်ဆင်ထားဖို့ လိုပါတယ်။ အဲ့ဒါကတော့ ဗမာပြည်အစိုးရဘက်ကပေါ့နော် ထိုင်းနိုင်ငံမှာ လက်ရှိ စစ်အာဏာ သိမ်းပြီးတဲ့ကာလ ဖြစ်နေလို့ ဒါက ဒုက္ခသည်တွေအတွက် အခွင့်အရေး ပြည့်ပြည့်၀၀ ရှိနေတဲ့အချိန် ဖြစ်ချင်မှဖြစ်မယ်ပေါ့လေ။ ဒီမိုကရေစီ အစိုးရလက်ထက်မှသာလျှင် ဒါတွေကို စဉ်းစားသင့်ပါတယ်။”

နိုင်ငံရေးအရ တည်ငြိမ်တဲ့တိုင်အောင် အခြားလိုအပ်ချက်တွေလည်း ရှိနေသေးတယ်လု့ိ ဦးဒယ်နီရယ်က အခုလို ဆက်ပြောပါတယ်။

“ဒုက္ခသည်အပိုင်းနဲ့ ပတ်သက်လာရင် ဒီနယ်စပ်တလျှောက်မှာ နှစ်ပေါင်း ၆၀ လောက် စစ်မြေပြင်လို ဖြစ်နေတယ်ပေါ့။ အဲ့ဒီနေရာမှာ ဒုက္ခသည်တွေအတွက်က မြေမြုပ်မိုင်းတွေ ဘာတွေ အရင်ဆုံး ရှင်းလင်းထားသင့်တယ်။ အဲ့ဒါကတော့ ဒုတိယအရေးကြီးတယ်ပေါ့။ နောက် သူတို့ရဲ့ ဘ၀ အာမခံချက်အတွက်က ဘာတွေလဲ။ စသဖြင့်က ဒါတွေပေါ့ စီစဉ်ရမှာ အများကြီးပါ။ ဥပမာလေ သူတို့ ပြန်လာတာနဲ့ သူတို့အတွက် ဘာတွေ ထောက်ပံ့မလဲ။ ဘယ်ကနေရမလဲ။ ဘယ်နှစ်နှစ် ထောက်ပံ့မလဲ စသဖြင့် အဲဒါတွေလည်း ပြင်ဆင်ဖို့က အများကြီး လိုအပ်ပါတယ်။ ဒုက္ခသည်တွေ သဘောထား မေးမြန်းရမှာ စသဖြင့် အဲ့ဒါတွေပေါ့လေ။”

အခုလို ဒုက္ခသည်တွေကို ပြန်ပို့ဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အစိုးရတပ်တွေအကြား ဒီလ ၁၅ ရက်နေ့က တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သြဂုတ်လဆန်းမှာ လက်မှတ်ရေးထိုးဖို့ မူလက ရည်ရွယ်ထားပေမဲ့ စာချုပ်မူကြမ်းရေးဆွဲရာမှာ နှစ်ဘက် ကွဲလွဲချက်တွေ ရှိနေတာကြောင့် လောလောဆယ် ရက်ရွှေ့ဆိုင်းရမယ့် အခြေအနေ ရှိနေပါတယ်။

XS
SM
MD
LG