သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကလေးငယ် ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ်ပိုလျာထား UNICEF အကြံပေး


ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel။ (ဓာတ်ပုံ-www.unicef.org)
ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel။ (ဓာတ်ပုံ-www.unicef.org)
မြန်မာနိုင်ငံမှာ သဘာဝသယံဇာတတွေကို ရောင်းချလို့ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ခွဲဝေသုံးစွဲတဲ့နေရာမှာ ကလေးငယ်တွေအတွက် ဦးစားပေးဖို့ ကုလသမဂ္ဂရဲ့ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က တိုက်တွန်းလိုက်ပါတယ်။

ကလေးသူငယ်တွေအတွက် အစိုးရဘဏ္ဍာ ဘယ်လောက်သုံးစွဲတယ်ဆိုတာဟာ အဲ့ဒီနိုင်ငံက ကလေးတွေရဲ့ အခွင့်အရေးအပေါ် ဘယ်လောက် လိုလိုလားလား အာမခံမှုရှိသလဲ လုပ်ပေးနိုင်သလဲ ဆိုတာကို ပြသတာဖြစ်တယ်လို့ UNICEF ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ပြောပါတယ်။

သဘာဝအရင်းအမြစ်မှ လူ့စွမ်းအား အရင်းအမြစ်သို့ ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ မြန်မာနိုင်ငံမှာ သဘာဝ အရင်းအမြစ်တွေအပေါ် အလွန်အမင်း အားထားတဲ့ စီးပွားရေးကနေ လူသားအရင်းအမြစ်အပေါ် အားထားတဲ့ စီးပွားရေးအဖြစ် အသွင်ပြောင်းဖို့ အခုအချိန်ဟာ ကောင်းမွန်တဲ့ အခွင့်အလမ်း ဖြစ်တယ်လို့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ UNICEF ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ပြောလိုက်ပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ပညာရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍတချို့အတွက် ဖြည့်စွက် ဘဏ္ဍာငွေအတွက် လွှတ်တော်မှာ ဆွေးနွေးနေကြချိန်မှာ သဘာဝသယံဇာတတွေ ရောင်းချလို့ ရရှိတဲ့ထဲက ဘဏ္ဍာငွေ ခွဲဝေရေးမှာ ကလေးတွေအတွက်ကို အဓိက ဦးစားပေးသင့်တယ်လို့ UNICEF က တိုက်တွန်းခဲ့ပါတယ်။

“ကလေးတွေအတွက် ဘဏ္ဍာငွေ ဘယ်လောက် သုံးစွဲတယ်ဆိုတာဟာ အဲဒီနိုင်ငံက ကလေးသူငယ်တွေရဲ့ အခွင့်အရေးအပေါ်မှာ အလေးအနက်ထားဖို့ ဘယ်လောက် ဆန္ဒရှိတယ်၊ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြသတာဖြစ်ပါတယ်။ တကယ်တော့ ကလေးငယ်တွေအတွက် ရင်းနှီးမြှုပ်နှံတယ်ဆိုတာဟာ အနာဂတ်အတွက် သိပ်ကို အဓိကကျပါတယ်။ လူသားအရင်းအမြစ်တွေကို မြေတောင်မြှောက်တဲ့နေရာမှာ သိပ်ကို အဓိကကျပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ သိပ်ကိုအရေးပါတဲ့ မဟာဗျူဟာ ဖြစ်ပါတယ်။”

ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်ကို သုံးသပ်ထားတဲ့ အစီရင်ခံစာနဲ့ သဘာဝအရင်းအမြစ်မှ လူ့စွမ်းအား အရင်းအမြစ်သို့ ဆိုတဲ့ အစီရင်ခံစာ ၂ စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် လက်တွေ့ကျပြီး ဖြစ်နိုင်တဲ့ လက်ငင်း အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေအကြောင်း ဖော်ပြသုံးသပ်ထားတဲ့ အစီရင်ခံစာမှာ သဘာဝဓာတ်ငွေ့ စီမံကိန်းသစ်ကနေ ရရှိတဲ့ ဝင်ငွေရဲ့ သုည ဒဿမ ၉ ရာခိုင်နှုန်းက မြန်မာနိုင်ငံတဝန်းလုံးက ကလေးတွေအတွက် တနှစ်စာ ကာကွယ်ဆေးတွေ ဝယ်ယူနိုင်တယ်လို့ ပြောထားပါတယ်။

သဘာဝဓာတ်ငွေ့ ၉ ရက်စာ ရောင်းချလို့ ရရှိတဲ့ ဝင်ငွေက မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မူလတန်းကျောင်းတွေမှာ ဆရာ၊ ဆရာမ ၁ ယောက်ကို တနှစ်စာ တိုးမြှင့်ခန့်ထား နိုင်တယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် သစ်မာထုတ်လုပ်ရောင်းချမှုအပေါ် အခွန် သုည ဒဿမ ၆ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းဖြင့် လူမှုရေးလုပ်သား ၆ ထောင်အတွက် တနှစ်လစာ ကာမိတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

သဘာဝအရင်းအမြစ်တွေ ရောင်းချမှုအပေါ် ဝင်ငွေ တိုးကောက်တာကနေ လူသားအရင်းအမြစ်အတွက် အကျိုး ရှိနိုင်တယ်ဆိုတာကိုလည်း UNICEF ဌာနေကိုယ်စားလှယ် Mr Bainvel က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံကထွက်တဲ့ သဘာဝဓာတ်ငွေ့၊ သစ်နဲ့ ကျောက်စိမ်း စတာတွေကို ရောင်းချလို့ ရရှိတဲ့ ဝင်ငွေခွန်ကို အခုထက် နည်းနည်းလေးပဲ တိုးကောက်တယ်ဆိုရင်တောင်၊ အဲဒီဝင်ငွေနဲ့ လူသားအရင်းအမြစ်အတွက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကလေးတွေအတွက် အစပြုလို့ လူသားအရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံနိုင်မှာ ဖြစ်ပါတယ်။”

ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ လူတိုင်းအပြောင်းအလဲကို ခံစားနိုင်ရေးအတွက် အစိုးရက လူမှုရေးကဏ္ဍတွေမှာ ဘဏ္ဍာငွေကို ဘယ်လို ခွဲဝေသုံးစွဲတယ်ဆိုတာ အရေးကြီးတယ်လို့လည်း သူက ပြောသွားပါတယ်။ သဘာဝ သယံဇာတတွေအပေါ် အလွန်အမင်း မှီခိုအားထားရတဲ့ စီးပွားရေးကနေ လူသားအရင်းအမြစ်အပေါ် အားထားနိုင်တဲ့ စီးပွားရေးအသွင်ပြောင်းဖို့ လက်ရှိ အပြောင်းအလဲတွေက တကယ့် အခွင့်အလမ်း ဖြစ်တယ်လို့လည်း UNICEF ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

ကလေးငယ်တိုင်းဟာ သူတို့မှာရှိတဲ့ စွမ်းပကားအတိုင်း အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အခွင့်အလမ်း ရှိတာနဲ့အတူ ကလေးငယ်တွေအတွက် အသေအချာ ရင်းနှီးဖို့ဟာ အရေးကြီးတယ်။ မြန်မာနိုင်ငံက လူမှုရေးကဏ္ဍတွေမှာ အထူးသဖြင့် ကလေးတွေအတွက် ဘဏ္ဍာငွေကို သိသိသာသာ တိုးမြှင့် သုံးစွဲမယ်ဆိုရင် ပြန်လည်ရရှိမယ့် အကျိုးအမြတ်တွေဟာ သိပ်ကို များမှာဖြစ်ပါတယ်လို့ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ပြောသွားပါတယ်။
XS
SM
MD
LG