သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံမှာ NLD ကျင်းပ


ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံမှာ NLD ဦးစီး ကျင်းပ။
(သတင်းဓာတ်ပုံ- Credit to Kyaw Khant)
ပြည်ထောင်စုနေ့ အခမ်းအနား ပင်လုံမှာ NLD ဦးစီး ကျင်းပ။ (သတင်းဓာတ်ပုံ- Credit to Kyaw Khant)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာပေါ်လွင်အောင် သက်သေပြတဲ့ အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ပင်လုံမြို့မှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော် နဲ့ ရန်ကုန်မြို့တွေမှာလည်း လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ နဲ့ အစိုးရသစ်ဖြစ်လာမယ့် NLD ပါတီတို့ကလည်း ဒီကနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ အဓိကသမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ပင်လုံ စာချုပ်ချုပ်ဆိုခဲ့ တာဟာ ဒီကနေ့ဆိုရင် ၆၉ နှစ်ရှိ သွားခဲ့ပြီဖြစ် ပါတယ်။ တောင်တန်းပြည်မ ပူးပေါင်းဖို့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ်တွေက ဦးဆောင်ပြီး ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့တယ်လို့ NLD ပါတီ လွိုင်လင်ခရိုင် ဘဏ္ဍာရေးမှူး ဦးရဲလှိုင်က ဗွီအိုအေကိုပြောပါတယ်။

" ကျနော်တို့ အဖွဲ့ချုပ် ဗဟိုလူငယ်တွေကနေ ဦးစီးကျင်းပတဲ့ ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားပေါ့။ တိုင်းရင်းသားပေါင်းစုံ အကတွေနဲ့ပေါ့။ ပြည်ထောင်စုနေ့မှာ အခမ်းအနားကို ကျောက်တိုင် အလေးပြုတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာ ဖတ်တယ်။ ကြေညာစာတမ်း ဖတ်တယ်ပေါ့ဗျာ။ ဦးဟန်သာမြင့်ဖတ်တယ်။ ဦးညီပု ဖတ်တယ်။ ဦးညီပုက ကြေညာစာတမ်း ဖတ်တယ်။ ဦးဟန်သာမြင့်က ဥက္ကဋ္ဌရဲ့ သဝဏ်လွှာဖတ်တယ်ပေါ့။ "

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တွေက ဦးဆောင်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမြို့မှာ ကျင်းပတာဟာ အခုဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ် တယ်လို့ သူကပြောပါတယ်။ NLD ပါတီက ပင်လုံမြို့မှာ အခုလို ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဦးရဲလှိုင်က အခုလို ပြော ပါတယ်။

" အဓိကကတော့ ပင်လုံစာချုပ်ပါ ဖက်ဒရယ် ကိစ္စပေါ့။ ပြည်ထောင်စု ဖက်ဒရယ်ကိစ္စကို ဒါကို ကျနော်တို့ က သက်သေပြချင်တဲ့ သဘောပေါ့နော်။ အဓိက ကတော့ ဒီကိစ္စကို အဓိက ရည်ရွယ်ပါတယ်။"

ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်။
ပြည်ထောင်စုနေ့အခမ်းအနား နေပြည်တော်။

၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အခမ်းအနားတွေကိုလည်း နေပြည်တော် နဲ့ ရန်ကုန်မြို့တွေမှာလည်း ဒီကနေ့မှာ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ ပါတီနာယက ဦးတင်ဦး ဦးဆောင် ကျင်းပခဲ့ပြီး ၊ နိုင်ငံတကာက သံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကိုတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ ခဲ့ပြီး၊ ၂၁ ရာစု ပင်လုံညီလာခံဖြစ်ပေါ်လာအောင် ကြိုးပမ်းဖို့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာအောင် သွေးစည်းညီညွတ်ကြဖို့ တိုက်တွန်း သွားပါတယ်။ ဒါ့အပြင် အမျိုးသားရင်ကြားစေ့ရေးဖြစ်မြောက်ဖို့ ၊ ပြည်တွင်း ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ၊ ပြည်ထောင်စုစိတ်ဓါတ်တွေ ခိုင်မာ သန်စွမ်းလာအောင် လုပ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး၊ မကြာခင်ကာလမှာ အစိုးရဖွဲ့တော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ပြည်တွင်းပဋိပက္ခချုပ်ရေးအတွက် ပြောဆိုနေပေမယ့်၊ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ကြေငြာထားခြင်းတော့ မရှိပါဘူး။

နေပြည်တော်က ပြည်ထောင်စုနေ့
နေပြည်တော်က ပြည်ထောင်စုနေ့

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကိုတော့ သမ္မတဦးသိန်းစိန် သဝဏ်လွှာပေးပို့ခဲ့ပြီး၊ အဲဒီသဝဏ်လွှာအတွင်းမှာတော့ - ရွေးကောက်ပွဲအောင်အောင်မြင်မြင် ကျင်းပပြီး၊ အစိုးရသစ်ကို နိုင်ငံရဲ့ အနာဂတ်ကို သိမ်မွေ့ညင်သာစွာ လွှဲပြောင်းပေးဖို့ စီစဉ်နေတာ၊ မကြာသေးခင်က တိုင်းရင်းသား လက်နက်ကို်င်အဖွဲ့တချို့ နဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ခဲ့ပြီး၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခဲ့တာတွေကို ဖော်ပြထားပါတယ်။

ပြည်ထောင်စုနေ့ ညစာစားပွဲ-သမ္မတနဲ့ ဒေါ်စု
ပြည်ထောင်စုနေ့ ညစာစားပွဲ-သမ္မတနဲ့ ဒေါ်စု

ဒါပေမဲ့လည်း မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတုန်းပဲဖြစ်ပြီး၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့် ရောက်ပြီးလို့ ပြောလို့မရသေးပဲဖြစ်နေပါတယ်။

NLD ပါတီဘက်ကတော့ သူတို့အစိုးရလက်ထက်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ပါတီဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောကြားသွားခဲ့ ပါတယ်။

XS
SM
MD
LG