သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Unity ဂျာနယ်အမှု ပြင်ဆင်ချက် အထူးအယူခံဝင်မည်


Unity Journal ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ကိုလူမော်နိုင် ဓါတ်ပုံ- ချိုနွယ်ဦး
Unity Journal ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ကိုလူမော်နိုင် ဓါတ်ပုံ- ချိုနွယ်ဦး

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ Unity သတင်းသမားတွေရဲ့အမှု ပြင်ဆင်ချက်ကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေတွေက လျှောက်လဲ ခဲ့ကြပါတယ်။

ထောင်ဒဏ်တချို့ လျှော့ချပေးထားတဲ့ ဒီအမှုကို ထပ်မံ ပြန်လည် စစ်ဆေးပေးဖို့ ပြင်ဆင်ချက်ကို လျှောက်လဲခဲ့ကြတာပါ။ သတင်းသမားတွေအရေး မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ဘက်ကလည်း သူတို့အမှုကို မီဒီယာဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းမှုတွေ ရှိပါတယ်။ အသေးစိတ် မဆုမွန် က တင်ပြထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ Unity အမှုဆောင်အရာရှိချုပ် အပါအဝင် အယ်ဒီတာနဲ့ သတင်းသမား ၅ ဦးအတွက် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ သတင်းသမားတွေရဲ့ ဥပဒေ အကျိုးဆောင်ရှေ့နေတွေက ပြင်ဆင်ချက် လျှောက်လဲ တင်သွင်းခဲ့ကြပါတယ်။ တရားသူကြီးချုပ်ထံမှောက်မှာ ပြင်ဆင်ချက် လျှောက်လဲချက် တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ Unity အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းရဲ့ အကျိုးဆောင်တရားရုံးချုပ်ရှေ့နေ ဦးကျော်လင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ပြင်ဆင်မှုတွေကို နေပြည်တော် တရားရုံးချုပ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အထွေထွေလျှောက်လွှာနဲ့ အထူးအယူခံဆိုတာ ရှိတယ်။ နှစ်ပါးထိုင်၊ သုံးပါးထိုင်တွေပေါ့ဗျာ။ အဲ့ဒီမှာကျတော့ ကျယ်ကျယ်ပြန့်ပြန့် ကြားနာမယ်။ ပြင်ဆင်မှု၊ ပြင်ဆင်မှုဆိုတာမှာတော့ သူတို့က များသောအားဖြင့် သူတို့ ပြင်ဆင်မပေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်က များတယ်။ အဲ့ဒီပြင်ဆင်မှုကို အထွေထွေလျှောက်လွှာတင်တော့ အထူးအယူခံခေါ်တယ်။ သို့သော်လည်း ဥပဒေပြဿနာပေါ်မှ။ အခုက ဥပဒေပြဿနာမှာလည်း တော်တော်ပေါ်တယ်ဗျ။ သတင်းထောက်တွေကို spy ပုဒ်မနဲ့ စွဲတယ်ဆိုတော့ ဥပဒေအရ မကောင်းဘူးလေဗျာ။ နောက်တခါ အဲ့ဒီဥပဒေကို ထုတ်တဲ့တိုင်းပြည်မှာလည်း ဒီဥပဒေက မရှိတော့ဘူး။ မြန်မာပြည်မှာ လာရှိနေတယ်၊ ဥပဒေအားနည်းချက်ပေါ့။ သတင်းထောက်တွေကို ဒီလို မလုပ်ထိုက်ဘူးပေါ့။”

ပြင်ဆင်ချက် လျှောက်လဲချက် တင်သွင်းပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးရဲ့ ၆ လအတွင်း အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေမှာဖြစ်ပြီး အထူးအယူခံ တင်သွင်းသွားဖို့လည်း ပြင်ဆင်နေတယ်လို့ တရားရုံးချုပ်ရှေ့နေ ဦးကျော်လင်း က ပြောပါတယ်။

“စစ်ယူနီဖောင်းနဲ့ သူတို့ တရားမဝင် ဝင်တဲ့သူတောင်မှ ထောင် ၂ နှစ်ဆိုတော့ ဒီလူတွေက စစ်ယူနီဖောင်းနဲ့ ဝင်တာမဟုတ်ဘူး။ အရပ်သားအဖြစ်နဲ့ ဝင်တယ်။ ဝင်တယ်ဆိုရင်တောင် ၂ နှစ်ထက် မပိုထိုက်ဘူးပေါ့ဗျာ။ အခုက တအားများနေတယ်။”

ထောင်ဒဏ်နှစ်ရှည်ကျခံနေရဆဲ Unity သတင်းသမားတွေရဲ့ အမှုကို ပြင်ဆင်ချက် လျှောက်လဲနေချိန်မှာပဲ သတင်းသမားတွေနဲ့ အာဏာပိုင်တွေကြား ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေတဲ့ မြန်မာစာနယ်ဇင်းကောင်စီဘက်ကလည်း နိုင်ငံတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ အကျဉ်းကျခံ သတင်းသမားတွေအရေး တောင်းဆိုမှုတွေ လုပ်ပေးသလို အခုလက်ရှိ အတည်ပြုထားတဲ့ မီဒီယာဥပဒေနဲ့ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းမှုတွေ လုပ်နေပါတယ်လို့ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး ကလည်း ပြောပါတယ်။

“ထောင်ထဲကို သတင်းကိစ္စကြောင့် ရောက်သွားတဲ့ မီဒီယာသမားတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာပေါ့လေ တိုင်းပြည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတဲ့လူတွေနဲ့ တွေ့တဲ့အခါမှာတော့ ဒီလို ဒီဟာလေးတွေရှိတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုများ ဒါကို ဆောင်ရွက်ပေးနိုင်မလဲဆိုတာမျိုးတော့ ဆောင်ရွက်တာမျိုးတွေ ရှိပါတယ်။ ထောင်ကျတဲ့သူကို ချက်ခြင်းလွှတ်ပေးလို့တော့ ကျနော်တို့က ပြောလို့မရပေမဲ့ နိုင်ငံတော်သမ္မတ ဆိုလို့ရှိရင် သူ့ရဲ့လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရတယ်။ ခုနက ကာကွယ်ရေးဦးစီးချုပ်ဆိုလို့ရှိရင် Unity ကို အမှုပြန်ပြီးတော့ ကြေအေး ရုပ်သိမ်းပေးလို့ရတယ်။ ဒါမျိုးလေးတွေကိုတော့ တိုက်တွန်းဆွေးနွေးတာတွေ ရှိပါတယ်။ နောက်တခုက သတင်းယူရင်းနဲ့ ပြဿနာဖြစ်တဲ့အချိန်မှာ မီဒီယာဥပဒေနဲ့ပဲ အရေးယူဖို့အတွက် ကျနော်တို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတာမျိုးတွေလည်း ရှိပါတယ်။”

ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆိုတဲ့ ခေါင်းစဉ်နဲ့ အပတ်စဉ်ထုတ် Unity သတင်းဂျာနယ်တွင် ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးဟာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ပခုက္ကူခရိုင် တရားရုံးက ပြစ်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သတင်းသမားတွေရဲ့ ရှေ့နေတွေက တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံဝင်ရာတွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားရုံးမှ ပြစ်ဒဏ် ၃ နှစ်အထိ လျှော့ချပြီး ထောင်ဒဏ် ၇ နှစ် ပြောင်းလဲချမှတ်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG