သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနတီ ဂျာနယ် သတင်းသမား ၅ ဦး ထောင်ဒဏ် ၁၀ နှစ်စီ


ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ် သတင်းဂျာနယ်
ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ် သတင်းဂျာနယ်

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ဦးကို ဒီကနေ့ ပခုက္ကူ ခရိုင်တရားရုံးက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) က တာဝန်ရှိသူတဦးကတော့ ဒီလို ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ် လိုက်တဲ့ အပေါ်မှာ စိတ်ပျက်ရကြောင်းနဲ့ ဒီလို ချမှတ်တာကြောင့် စာနယ်ဇင်းသမားတွေအနေနဲ့ မလုံခြုံမှုနဲ့ အကာအကွယ်မဲ့မှုကို ခံစားရစေနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်တွင်းထုတ်ဂျာနယ်တစောင်ဖြစ်တဲ့ ယူနတီ ဂျာနယ်မှာ ဒီနှစ် ဇန်နဝါရီလက မကွေးတိုင်းပေါက်မြို့နယ်မှာ ရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတခုကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖမ်းဆီးထားသူတွေကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်၁၀နှစ် အပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ဦးတင့်ဆန်းရဲ့ ရှေ့နေ ဦးကျော်လင်းက အခုလို ပြောပါတယ်။

“ဦးတင့်ဆန်းနဲ့ ကျန်တဲ့ ရှေ့နေလေးယောက် အားလုံး ငါးယောက်၊ သူတို့ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှှုနဲ့ပေါ့ဗျာ။ ဆယ်နှစ်၊ ဆယ်နှစ်။ အလုပ်ကြမ်းပါ ပါတာပေါ့။ နောက်မှ သူတို့ကို ထောင်တွေ ဘာတွေပြောင်းမှာပေါ့။ ဟုတ်တယ်။ ပခုက္ကူခရိုင်တရားရုံးမှာ။ ဒါပေမဲ့ အယူခံတော့ တက်လို့ရသေးတာပေါ့ဗျာ။ အယူခံက တိုင်းအဆင့်၊ ပြီးလို့ရှိရင် နိုင်ငံတော် တရားရုံးအထိ တက်လို့ရတယ်။”

ဒီနေ့ စီရင်ချက်ချမှတ်ခံရသူတွေကတော့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်၊ ရန်ကုန်အခြေစိုက် သတင်းထောက်တွေဖြစ်တဲ့ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုးတို့ ဖြစ် ပါတယ်။ ဒီလိုပြစ်ဒဏ် ချမှတ်တဲ့အပေါ်မှာ အမှုသည်တွေက ဆန္ဒရှိတယ်ဆိုရင် အယူခံဝင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဦးကျော်လင်းက ဆက်ပြောပါတယ်။

“ အမှုသည်တွေက ဆန္ဒရှိတယ်ဆို ကျနော် လုပ်ပေးရမှာပေါ့။ ဒါပေမဲ့လည်း ပထမအဆင့်ကတော့ သိပ်မမျှော်လင့်ဘူးဗျ။ ဒုတိယအဆင့်ကတော့ နည်းနည်း မျှော်လင့်တယ်။”

မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်သက်ထွေး ကတော့ ပြစ်ဒဏ် ချမှတ်တဲ့ အပေါ်စိတ်ပျက်မိကြောင်း အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက အဲ့ဒီ့ Unity သတင်းဂျာနယ်က သတင်းထောက်တွေ ကိစ္စနဲ့ပတ်သက်ပြီးတော့ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌတွေဆီရယ်၊ ကာကွယ်ရေးဝန်ကြီးဌာနရယ်၊ နိုင်ငံတော်သမ္မတဆီရယ် စာရေးသားပေးပို့ခဲ့ပါတယ်။ အခုလို နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ ပတ်သက်ပြီးတော့ ဖြစ်စဉ် အပေါ်မှာ ကျနော်တို့အနေနဲ့ ငြင်းခုံခြင်း၊ ဆုံးဖြတ်ခြင်း မပြုလိုဘူး။ ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလမှာ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု မပျက်ယွင်းဖို့အတွက်ကို ဒီဖြစ်ရပ်အပေါ်မှာ၊ မီဒီယာသမားတွေအပေါ်မှာ မျှမျှတတ စဉ်းစား ဆုံးဖြတ်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါတယ်။ အဲ့တာ နှစ်ကြိမ် ပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ကြိမ်ပေးပို့ခဲ့ပေမဲ့ အခုလိုမျိုး ပြင်းထန်တဲ့ ထောင်ဒဏ်တွေနဲ့ အခုလို ချမှတ်လိုက်တဲ့ အပေါ်မှာ ကျနော်တို့ စာနယ်ဇင်းကောင်စီက တော်တော်ကို စိတ်ပျက်ရပါတယ်။ နောက်တခုက စတုထ္တ မဏ္ဍိုင်အနေနဲ့ ကျန်တဲ့နယ်ပယ်တွေနဲ့ ထိစပ်ပြီးတော့ တိုင်းပြည်အတွက် သွားဖို့ ဆိုတာမှာ အခုလို ဖြစ်ရပ်တွေဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှု လျော့ပါးစေတယ်လို့ ယူဆပါတယ်။”

ဒီလို ချမှတ်ခံရတာဟာ မီဒီယာဥပဒေနဲ့ပတ်သက်ပြီး နည်းဥပဒေ မပြဌာန်းနိုင်သေး တာကြောင့် စာနယ်ဇင်းသမားတွေအတွက် အကာအကွယ် မပေးနိုင်တာဖြစ်တယ် လို့လည်း ဆက်ပြောပါတယ်။

“ မီဒီယာသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့၊ မီဒီယာဥပဒေရေးဆွဲဖို့ ဆရာတို့ကိုယ်တိုင် စိတ်ကြိုက်ဖွဲ့စည်းပြီး လုပ်ဆောင်ပါ လို့ပြောတဲ့ အတွက် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က အခု စာနယ်ဇင်းကောင်စီကနေပြီးတော့ အဓိက လုပ်ငန်းစဉ်ဖြစ်တဲ့ မီဒီယာ ဥပဒေကိုလည်း ရေးဆွဲခဲ့တယ်။ လွှတ်တော်နှစ်ရပ်စလုံးမှာလည်း အခုဆိုလို့ရှိရင် သဘောတူ ဆုံးဖြတ်ပြီးပြီ။ သမ္မတလည်း လက်မှတ်ရေးထိုးပြီးပြီ။

ဒါပေမဲ့ မီဒီယာဥပဒေက အသက်မဝင်သေးဘူးလို့ ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ နည်းဥပဒေ မရေးဆွဲရသေးလို့ ဆိုပြီးတော့ အချိန်ဆွဲထားခြင်းကို ခံရပါတယ်။ အဲ့ဒီ့တော့ အဲ့တာကြောင့် မီဒီယာသမားတွေဟာ အကာအကွယ်မဲ့ သလိုဖြစ်နေရပါမယ်။ တကယ်လို့သာ မီဒီယာဥပဒေသာ ရှိနေရင်၊ မီဒီယာဥပဒေသာ အကာအကွယ်ပေးရင် ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်ရဖို့ မရှိပါဘူး။”

ယူနီတီဂျာနယ် အယ်ဒီတာ ဦးတင့်ဆန်းအပါအဝင် သတင်းထောက်လေးဦး ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ပေါက်ကြားစေမှု ဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားချိန်ကတော့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW အဖွဲ့က ကိုယ်စားလှယ်တွေက အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံချိန်မှာ မေးမြန်းတာတွေ ရှိခဲ့သလို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံတွေကို စောင့်ကြည့်နေခဲ့ကြပါတယ်။

ဒီလ ၄ရက်နေ့ကတော့ မကွေးမြို့ ပညာရေးဌာနက တရားလိုပြုပြီး ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်တစ်နှစ်ချ ခံခဲ့ရတဲ့ DVB သတင်းထောက် ကိုဇော်ဖေကို လွှတ်ပေးခဲ့ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ ဒီအမှုကို အယူခံဝင်ရာမှာ သုံးလအထိ လျှော့ချပေးခဲ့ပြီး ပြစ်ဒဏ်ကျခံ ရက်ပြည့်ခဲ့တာကြောင့် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG