သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ကျောက်စိမ်းတွင်းမှာ တိုက်ခိုက်မှု ထပ်ဖြစ်


ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်။
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်။

အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့ကနေ ကချင်ပြည်နယ်ဖါးကန့်မြို့နယ်က စိုင်းရတနာအောင် ကျောက်စိမ်းတူဖေါ် ရေးကုမ္ပဏီကို ဝင်ရောက်စီးနင်းပြီး ယာဉ်ယန္တယားတွေကို မီးရှို့ဖေါက်ခွဲဖျက်စီးခဲ့လို့ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့ရဲ့ လက်ချက် ဆိုတာ မသိရှိဘူးလို့လည်း ဆိုပါတယ်။ ဒီအခြေ အနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီး အခုလိုသတင်း ပေးပို့ထားပါတယ်။

ကချင်ပြည်နယ်ဖါးကန့်မြို့နယ်ထဲမှာ အစိုးရနဲ့အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ စိုင်းရတနာအောင် ကျောက်စိမ်းတူး ဖော်ရေးကုမ္ပဏီကို အမည်မသိ လက်နက်ကိုင် အဖွဲ့တဖွဲ့ကနေ ဝင်ရောက်ဖေါက်ခွဲ ဖျက်စီးခဲ့တယ်လို့ ဒေသခံ တဦးလဲ ဖြစ် ကချင်ရိုးရာယဉ်ကျေးမှုကော်မတီ တဦးလဲဖြစ်တဲ့ ဦးလမောင်းလတောင်က ဗွီအိုအေကိုအခုလိုပြောပါတယ်။ ဖါးကန့်မြို့နယ်နဲ့ လုံးခင်းမြို့နယ် အကြား မှော်စီ စာရွာ အနီးမှာ ရှိတဲ့ စိုင်းရတနာအောင်ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီ ပိုင် မြေတူးစက်ယန္တယား(၄)စီးနဲ့ မော်တော်ယာဉ်(၆)စီးကို အမည်မသိ လက်နက်အဖွဲ့ကနေ ယမန်နေ့ညဘက်မှာ မီးရှို့ဖျက်စီးခဲ့တာပါ။

အခုလို ယာဉ်ယန္တယားတွေကို မီးရှို့ဖျက်စီးလိုက်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုပမာဏ တန်ဖိုးများပြားတယ်လို့ ဦးလမောင်းလတောင်က အခုလိုပြောပါတယ်။

“အခွန်မထည့်လို့ဆိုလား အဲ့တာကြောင့် လာပြီးဖောက်ခွဲတယ်လို့ ပြောတယ်။ ပြီးတော့ လာတာလည်း ဆယ်ယောက်လောက် လာပြီးတော့ အဲ့မှာ ရှိတဲ့လူတွေကို ဘေးဖယ်ခိုင်းပြီးတော့ ရှို့ပစ်လိုက်တာပေါ့။ ဘက်ဖိုးကတော့ လေးစီးပေါ။ ကားကတော့ ခြောက်စီးလို့ပြောတယ်။ ဒီကျောက်စိမ်းနယ်မြေမှာက လက်နက်ကိုင်တဲ့သူက အများကြီးရှိတယ်လေ။ ဘယ်သူ ဘယ်ဝါရယ်လို့တော့ တိတိကျကျ ပြောဖို့တော့ ခက်တယ်။ တန်ဖိုးကတော့ တော်တော်လေး ဆုံးရှုံးသွားမယ်လို့ထင်တယ်လေ။ ဥပမာ ဘက်ဖိုးတစီးကို ကျနော်တို့ တွက်ကြည့်လို့ရှိရင် အမေရိကန်ဒေါ်လာ တစ်သိန်းပေါ့ဗျာ။ အနည်းဆုံးပေါ့။ ပြီးတော့ အဲ့မီးထဲ ပါသွားတဲ့ကားက တစ်စီးကို ဒီမြန်မာငွေနဲ့တောင် သိန်းက ငါးထောင် ခြောက်ထောင် အဲ့လောက် တန်တယ်လို့ ပြောတာပဲ အဲ့တာကြောင့် ပိုတန်ဖိုးကြီးသလိုဖြစ်နေတယ်။”

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေပြန်လည်ထွက်ခွါရာမှာ တခြားကျောက်စိမ်း ကုမ္ပဏီကို လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့လည်း ဦးလမောင်းလတောင်က ပြောပါတယ်။

“ နောက်ပြီး အဲ့မှာ ကျောက်စိမ်း တောင်ဆိုတဲ့ ကုမ္ပဏီရှိတယ်။ အဲ့ဒီ့မှာကျတော့ ရဲတွေရှိတာကိုး။ အဲ့မှာ မီးလာရှို့လိုက်တဲ့ ကုမ္ပဏီရဲ့ ရှေ့မျက်နှာစာမှာ ကုမ္ပဏီတခုရှိတယ်လေ။ အဲ့မှာ ရဲစောင့်ပေးနေတဲ့အခါကျတော့ အဲ့မှာ ပစ်ခတ်မှုဖြစ်သွားတာပေါ့။ ထိခိုက်မှုတော့ ဘာမှ မရှိဘူး။”

ဖါးကန့်မြို့နယ်က စိုင်းရတနာအောင်ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီ ဖေါက်ခွဲ ဖျက်စီးခံရမှုနဲ့ပတ်သက်ပြီး ဖါးကန့်ရဲ တပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုပြောပါတယ်။

“ ဟုတ်ကဲ့။ ကျနော်တို့ကြားတာကတော့ ဒီမှာ လာပြီး မိုင်းဝင်ခွဲတယ်။ အဲ့လောက်ပဲ ကြားတယ်ခင်ဗျ။ “

ကျောက်စိမ်း တူးဖေါ်ရေးကုမ္ပဏီကို ဗုံးခွဲဖျက်စီးသွားကြောင်း အတည်ပြုပြောဆို ခဲ့ပေမဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ပစ်ခတ် မှု ဖြစ်ခဲ့တယ် ဆိုတာကိုတော့ ဖြေကြား ခဲ့ခြင်းမရှိပါဘူး။

ဖါးကန့်မြို့နယ်ဒေသအတွင်းမှာလက်နက်ကိုင်အဖွဲ့တွေအများအပြားရှိနေသလို ကျောက်စိမ်းနဲ့ ရွှေတူးဖေါ်ရေးကုမ္ပဏီ လုံခြုံရေး ဝန်ထမ်းတွေကလည်း လက်နက်ကိုင်ဆောင်မှုတွေ ရှိနေတာကြောင့် ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ ခန့်မှန်းရ ခက်ခဲကြောင်း တခြားဒေသခံတဦးဖြစ်သူ ကိုဘရမ်နန်ကပြောပါတယ်။

ဇွန်လနောက်ဆုံးအပါတ်အတွင်း ဖါးကန့်မြို့နယ်က ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီတွေဖေါက်ခွဲခံရတာ (၃)ကြိမ်ထက် မနည်း ဖြစ်ပွါးခဲ့တယ် လို့ ဒေသခံတဦးဖြစ်တဲ့ ဦးလမောင်းလတောင်က အခုလိုပြောပါတယ်။

“ ဒီကျောက်စိမ်းတွင်းမှာ ရှိတဲ့ ကုမ္ပဏီတွေမှာ အခုလို မီးလာရှို့တာတို့ မိုင်းလာပစ်တာတို့ စသဖြင့်ရှိတယ်။ ဒီတပတ်အတောအတွင်းမှာကို ကုမ္ပဏီက သုံးလေးခုလောက် ရှိသွားပြီ။ ဥပမာ လွန်ခဲ့တဲ့ လေးငါးရက်လောက်က အဲ့မှာရှိတဲ့ ထူးကုမ္ပဏီ အဲ့မှာလည်း ကားတော်တော်လေး မီးထဲပါသွားတယ်။ အဲ့မှာ သူတို့ရဲ့ခန့်မှန်းခြေ အဲ့မှာ ဆုံးရှုံးသွားတာက သန်းခြောက်ရာ နီးနီးရှိတယ်။ အဲ့လိုခန့်မှန်းကြတယ်။”

လက်ရှိကချင်ပြည်နယ် ဖားကန့်ဒေသတွေမှာ မြန်မာအစိုးရ စစ်တပ်နဲ့ ကေအိုင်အိုခေါ် ကချင် လွတ်လပ်ရေးအဖွဲ့တို့ စစ်ရေးပဋိပက္ခ တင်းမာနေသေး သလို တခြားလက်နက်အဖွဲ့တွေလဲ လှုပ်ရှားမှုရှိနေပြီး ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေ၊ လမ်းတံတားတွေနဲ့ အစိုးရရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်စီးနေတာကြောင့် ဒေသအတွင်းလုံခြုံရေး စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

XS
SM
MD
LG