သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်း အသုံးပြုဆဲနိုင်ငံ မြန်မာပါဝင်


မြေမြှုပ်မိုင်း ရှာဖွေနေစဉ်။
မြေမြှုပ်မိုင်း ရှာဖွေနေစဉ်။
ကမ္ဘာအရပ်ရပ်က သန်းနဲ့ချီ လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေ တဲ့ စစ်ပွဲ လက်ကျန် မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲရေးပစ္စည်းတွေကို လုံး၀ အဆုံးသတ် ဖယ်ရှားဖို့ ဆိုပြီး မနေ့က ကျရောက်တဲ့ မြေမြုပ်မိုင်းတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အသိမြှင့်တင်ရေးနေ့ International Day of Mine Awareness နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက တိုက်တွန်း တောင်းဆို လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဂျနီဗာမြို့ကနေ Lisa Schlein သတင်းရေးသားပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

မြေမြုပ်မိုင်းတွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၅၉ နိုင်ငံနဲ့ အခြားနေရာ ၆ ခုတို့မှာ ရှိနေတုန်းပဲ လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီ စစ်လက်နက်တွေ အပြင် အခြား စစ်ကျန် ပေါက်ကွဲစေတဲ့ လက်နက် ပစ္စည်းတွေဟာ နိုင်ငံ အတော် များများမှာ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို၊ ဖွံဖြိုးမှု အလားအလာတွေကိုလည်း ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။

နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ဒေသခံပြည်သူတွေ လုံခြုံဘေးကင်းစေဖို့နဲ့ အဲဒီက စီးပွားရေး ဘဝတွေကို ပြန်လည်တည်ထောင်ပေးနိုင်ဖို့ အဲဒီလိုစစ်ကျန် လက်နက် ပစ္စည်းတွေ ဖယ်ရှားရေးကို UNMAS ခေါ်တဲ့ ကုလသမဂ္ဂ မိုင်းရှင်းလင်းရေး အဖွဲ့က ဆောင်ရွက်ပေးနေပါတယ်။ ဒီအဖွဲ့ဟာ မြေမြုပ်မိုင်း ရှင်းလင်းရေး တင်မဟုတ်ပဲနဲ့၊ စစ်ပွဲကျန် ပေါက်ကွဲရေးလက်နပစ္စည်းတွေကိုပါ ဖယ်ရှား ရှင်းလင်းပေးနေတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့တွေ ကင်းလှည့်သွားလာနိုင်အောင်၊ လူသားချင်းစာနာ အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ အထောက်အပံ့တွေ သွားရောက်ပေးနိုင်အောင်၊ ဒေသခံ သာမန် အရပ်သားပြည်သူတွေ အနေနဲ့ ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိပဲ သူတို့ အလုပ်ခွင်တွေ ကို ပြန်သွားနိုင်အောင် UNMAS ကုလ မိုင်းရှင်းရှာဖွေရေး အဖွဲ့ က ဆောင်ရွက်ပေး ပါတယ်။

UNMAS ဟာ မာလီ၊ ဆိုမားလီးယား၊ ဆီးရီယား။ လစ်ဗျား၊ အာဖဂနစ္စတန်နဲ့ အခြားနိုင်ငံ အတော်များများမှာ မိုင်းရှာဖွေ ရှင်းလင်းရေးကို ဆောင်ရွက်ပေးနေ တယ်လို့ UNMAS ညွန်ကြားရေးမှုး Agnes Marcailliou က ပြောပါတယ်။ အိုင်ဗရီကိုစ် ကော့တီဘွားနိုင်ငံတွေမှာရှိတဲ့ ငြိမ်းချမ်းရေးထိမ်းတပ်ဖွဲ့တွေကိုလည်း အကူအညီပေးနေပါတယ်လို့ ပြောပါတယ်။

“ Cote d’lvoire (ကော့ဒီဘွား)မှာ ပုံမှန်လိုပဲ မိုင်းရှင်း လင်းရေးတွေ ဆောင်ရွက် ခဲ့စဉ် တုန်းက၊ အဲဒီမှာရှိတဲ့ ပေါက်ကွဲစေနိုင်တဲ့ လက်နက် ပစ္စည်း အစုံအပုံတွေကို လည်း အကူအညီတောင်းလို့ ရှင်းလင်းပေးခဲ့ ရပါတယ်။ လက်နက်ဂိုထောင်ပေါင်း ၅၀ လောက်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါတွေဟာ အချိန်မရွေးပေါက်ကွဲနိုင်သလို၊ မသမာသူတွေ လုယူမယ့်အန္တရာယ်လည်းရှိပါတယ်။ အဲဒါတွေကို ၄၅ ရက်ကျော်ကြာအောင် ဒီနေ့အထိ ရှင်းလင်းပေးနေပါတယ်။ သူတို့ဆီမှာရှိပြီး သူတို့တွေသိမထားတဲ့ မြေမြုပ်မိုင်းဟောင်းတွေ၊ လက်နက်အစုအပုံတွေကို ရှင်းလင်းပေးခဲ့ပါတယ်။ ကော့ဒီဘွားမှာ အခုလို လုပ်ပေးနေသလိုပဲ၊ လစ်ဘေးရီယားနိုင်ငံကလည်း သူတို့ကို အဲလို အကူအညီပေးဖို့ တောင်းခံ ထားပါတယ်။ ကျမတို့ ဇူလိုင်ကျရင် စပြီး လုပ်မှာပါ။”

UNMAS ဟာ အခုလဆိုရင် ဗဟိုအာဖရိကသမ္မတနိုင်ငံတွင်း ဒေသခံပြည်သူတွေ အန္တရာယ်ကင်းရှင်းစေဖို့ ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းတွေကို ရှာဖွေဖော် ထုတ်နေတယ်လို့ Marcailiou က ပြောပါတယ်။ မြေမြုပ်မိုင်းနဲ့ ကလပ်စတာ ဆင့်ကွဲဗုံးအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုံ့ဆော်ရေးအဖွဲ့ကလည်း၊ အဲဒီ့လက်နက်ပစ္စည်းတွေ အသုံးပြုမှု တားမြစ်တဲ့ နိုင်ငံတကာ သဘောတူညီချက် မှုတွေ ရခဲ့တဲ့ ၁၉၉၇ နဲ့ ၂၀၀၈ ခုနှစ်ကတည်းကဆိုရင် လူသားတွေနဲ့ ဒေသခံ လူမှု အသိုင်းအဝိုင်းတွေကို ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့ ဒီလက်နက် ပစ္စည်း လျှော့ချရေးမှာ အတော်လေး အောင်မြင်မှုရလာတယ်လို့ အစီရင်ခံချက် ထုတ်ပြန်ပါတယ်။

အဲဒီ့ကတည်းကဆိုရင် အရင်တုန်းက မြေမြုပ်မိုင်းတွေရှိခဲ့တဲ့ မြေ စတုရမ်း ကီလိုမီတာ ရာပေါင်းများစွာကို ရှင်းလင်းပေးခဲ့ပြီး၊ မိုင်းတွေနဲ့ ကလက်စတာ ဗုံးပေါင်း သန်းနဲ့ချီကို ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ အရေးအကြီးဆုံး ကတော့ မိုင်းနဲ့ကလပ်စတာဗုံးတွေကြောင့် ထိခိုက်သေကြေမှုဟာ ငါးထောင်အောက်ထိကို အတော်လေး ကျဆင်းသွားတယ်လို့ ရေးထားပါတယ်။

ဆီးရီးယားနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံဟာ မြေမြုပ်မိုင်းသုံးတဲ့ နိုင်ငံတွေထဲမှာ ရှိနေတုန်းပဲလို့ UNMAS ညွန်ကြားရေးမှုး Marcailiou က ပြောပါတယ်။

“ မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေကြေမှု အမြင့်ဆုံး နိုင်ငံတွေ ထဲက တနိုင်ငံဖြစ်ပါတယ်။ ဘယ်လောက်တောင် အထိဖြစ်နေသလဲ၊ အစိုးရအပါအဝင်ပေါ့ - ပြဿနာတွေဟာ ဘယ်လိုလဲဆိုတာကိုတော့ မသိရသေး ပါဘူး။ မြေမြုပ်မိုင်း အားလုံးဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ပြီး၊ နေတိုင်းလိုလိုပဲ အတော်လေးကို အသုံးများနေပါတယ်။”

UNMAS ဟာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ဒေသခံလုပ်သားပေါင်း တသောင်း ရှစ်ထောင်လောက်နဲ့ လုပ်ကိုင်နေပါတယ်။ မိုင်းရှာဖွေရေးအစီအစဉ်တွေ လုပ်ဖို့ တနှစ်တနှစ်ကို ဒေါ်လာသန်း ၂၅၀လောက် ကုန်ကျပါတယ်။ အခုလို ကမ္ဘာနေရာ အနှံ့ မိုင်းရှင်းလင်းဖော်ထုတ်ရေးဆောင်ရွက်ချက်ဟာ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်သလို၊ လူသားချင်းစာနာကူညီမှု လုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကိုလည်း အထောက်အကူဖြစ်စေတယ်၊ ဖွံဖြိုးတိုးတက်မှု ကိုလည်း ဆောင်ကျဉ်းပေးပါတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ကမ္ဘာကြီးမှာ စစ်ကျန်လက်နက်ပစ္စည်းတွေ မိုင်းတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ဖို့ ဆက်ပြိး လုပ်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG