သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် လေ့လာ


ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးအကြီးအကဲ Valerie Amos.
ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးအကြီးအကဲ Valerie Amos.
ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Valerie Amos ဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ အောက်တိုဘာလတွေအတွင်း လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့တဲ့ ရခိုင်ဒေသ ကို ဒီကနေ့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပါတယ်။ ပဋိပက္ခကြောင့် ဒုက္ခကြုံတွေ့ရသူတွေကို ကုလသမဂ္ဂအနေနဲ့ အကူအညီအထောက်အပံ့တွေ ပိုပေးနိုင်ဖို့ လာရောက်တာဖြစ်တယ် လို့ ပြောခွင့်ရသူက ဆိုပါတယ်။ အကြောင်းစုံကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ စိုးရိမ်ပူပင်မှုတွေနဲ့အတူ ကုလသမဂ္ဂတာဝန်ရှိသူတွေက မကြာမကြာ ရခိုင်ဒေသကို လာရောက်ကြ ရာမှာ အခု Valerie Amos ဟာ အခုနောက်ဆုံးလာရောက်တဲ့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိ တဦး ဖြစ်ပါတယ်။ Ms.Valerie ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို နှစ်ရက်ကြာ အရင်သွားရောက်ပြီး အဲဒီ မှာ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အခြားတာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာအရေး ကိစ္စကို ဆွေးနွေးခဲ့ ပါတယ်။ အဲဒီကတဆင့် မြန်မာနိုင်ငံကို လာရောက်ပြီး ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေကို လာရောက်တာ ဖြစ်တယ်လို့ အတူပါလာတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုရုံး ပြောခွင့်ရသူ Kirsten Mildren က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒီခရီးစဉ်မှာတော့ Ms. Valerie Amos ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ဘင်္ဂလားဒေ့် ရှ် နိုင်ငံကို သွားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ပြန်လာတယ်။ အင်္ဂါနေ့မှာတော့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဗုဒ္ဒဟူးနေ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် စစ်တွေကို ရဟတ်ယဉ်နဲ့ လာခဲ့ပါတယ်။ ဒီနေ့ နေလည်ပိုင်းမှာ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တွေရဲ့ စခန်း (၅)ခုကို သွားရောက် လေ့လာခဲ့ပါတယ်။”

အခု မြန်မာနိုင်ငံလာရောက်တဲ့ သူ့ရဲ့ ခရီးစဉ်ဟာ ရခိုင်ဒေသတွင်းနဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ အခြေအနေကို မျက်မြင်လာရောက်ကြည့်ရှုဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီ ဒုက္ခသည်တွေအခြေအနေ ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ရာ ရှိနေတဲ့ အကြပ်အတည်း စိန်ခေါ်ချက်တွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ ဖြေရှင်းဖို့၊ တည်ငြိမ်မှု အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဆောင်ရွက်ဖို့ Ms.Valerie က တိုက်တွန်းပြောဆိုမယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ သိရှိနိုင်ဖို့ ရခိုင်ပဋိပက္ခမှာ ခံစားနစ်နာသူ မတူညီတဲ့ အုပ်စုတွေကို အသီးသီး တွေ့ဆုံခဲ့တယ်လို့ ပြောခွင့်ရသူ Kirsten က ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇွန်လနဲ့ အောက်တိုဘာလတွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင် လူထုအပေါ် ဘယ်လို သက်ရောက်ထိခိုက်စေသလဲဆိုတာကို အမှန်တကယ်သိနိုင်ဖို့ ဒုက္ခသည်စခန်းအချို့ကို သွားရောက်လေ့လာတာပါ။ ဒီ ပဋိပက္ခအကြပ်အတည်းနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ မတူညီတဲ့ အုပ်စုအသီးသီးနဲ့ တွေ့ဆုံပါတယ်။”

ရခိုင်ပဋိပက္ခဟာ အဲဒီမှာရှိတဲ့ ရန်ဖက်အသိုင်းအဝိုင်းနှစ်ခုစလုံးကို နစ်နာစေတယ်လို့ Mr.Valerie က သတင်းဌာနတွေကို ပြောခဲ့သလို၊ အဲဒီက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာကူညီမှုအနေနဲ့ ကုလသမဂ္ဂအနေနဲ့ ဒေါ်လာ ၁၁သန်း ကူညီဖို့ လျာထားတယ်လို့ ပြောခဲ့ပါတယ်။ ဇွန်လကစတဲ့ ပဋိပက္ခတွေကြောင့် ခန့်မှန်းချေအားဖြင့် ဒုက္ခသည် ၇ သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရ တယ်လို့ခန့်မှန်းထားတာပါ။ အခု သူတို့လာရောက်တာဟာလည်း ကုလသမဂ္ဂအနေနဲ့ ဒီဒုက္ခ သည်တွေကို ကူညီဖို့ အသင့်ရှိနေတယ်ဆိုတာ ပြသဖို့ဖြစ်တယ်လို့ ပြောခွင့်ရသူ Kirsten က ပြောခဲ့ပါတယ်။

“အခု ဒီဒေသကို ဘာကြောင့်လာလဲဆိုတာ သိစေချင်တာတွေရှိပါတယ်။ တချက်ကတော့ ကုလသမဂ္ဂ အနေနဲ့ ဒီမှာ ရောက်လာပြီ၊ အကူအညီပို့ပေးဖို့ရှိတယ်ဆိုတာပါ။ အဲဒီမှာ အခြေခံအားဖြင့် အမိုးအကာတွေ၊ သောက်သုံးရေတွေနဲ့ သန့်ရှင်းရေးစနစ်တွေ လိုအပ်နေတုန်းပါပဲ။”

ဒီခရီးစဉ်နဲ့ပတ်သက်လို့ သီးခြားသတင်းစာရှင်းလင်းပွဲတရပ်ကို မနက်ဖြန် ရန်ကုန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Ms.Valerie အနေနဲ့ ကချင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
XS
SM
MD
LG