သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေးပဋိပက္ခကြောင့် လူမှုအကြပ်အတည်းဖြစ်ဖွယ် ကုလ သတိပေး


 မိထ္ထီလာမြို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားစဉ်။
မိထ္ထီလာမြို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားစဉ်။
မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့လူမျိုးရေး ပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်အဓိကရုဏ်းတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံနေရပြီလို့ လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA က အကြီးတန်းအရာရှိတဦးက သတိပေးပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်နေသူတွေ အတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်းနဲ့ အကူအညီပေးနေသူတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေတာမှာလည်း စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းတွေကို လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဂင်း (John Ging) က မနေ့က ကြာသပတေးနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပါမယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ၁ သိန်းကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး လယ်ကွင်းတွေထဲမှာ နေထိုင်နေကြရတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ သိပ်မကြာခင် မိုးရာသီ စတာနဲ့ ရေအောက်မြှုပ်မယ့်အခြေအနေမှာ ကြုံနေတာကြောင့် ဒီလူတွေကို ရွှေ့ပြောင်းနေရာချထားဖို့ အရေးတကြီး လိုအပ်နေတယ်လို့ UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး John Ging က ခုလို ပြောသွားခဲ့ပါတယ်။

“ကျနော်တို့မှာ အခု နောက်ထပ် စိုးရိမ်စရာဖြစ်နေတာက ဒုက္ခသည်စခန်းနှစ်ခုမှာရှိတဲ့ ဒုက္ခသည်ပေါင်း ၂၄,၀၀၀ ရဲ့ ကိစ္စပါ။ သူတို့ဟာ လယ်ကွင်းတွေထဲမှာ နေထိုင်နေကြရ တဲ့သူတွေပါ။ ရှေ့နှစ်လလောက်အတွင်းမှာ ဒီ ဒုက္ခသည်စခန်း နှစ်ခုလုံး ရေအောက်ကို လုံးဝရောက်သွားမယ့်အခြေအနေ ရှိနေပါတယ်။ ဆိုတော့ ဒီလူတွေကို ရွှေ့ပြောင်း နေရာချထားဖို့အတွက် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့အပြင် ဒီလို ဒုက္ခသည်တွေအားလုံး သူတို့ရဲ့ နေအိမ်တွေဆီ ပြန်သွားပြီး လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ခွင့် ရဖို့လိုပါတယ်။ ဒါမှ သူတို့ရဲ့ ပုံမှန်ဘဝတွေကို ပြန်လည် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်ရောက်နေသူတွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၆၇ သန်း ကျော် လိုအပ်နေပေမဲ့ လောလောဆယ် အကူအညီငွေ ၃၉ သန်းလောက်သာ ရသေးတယ်လို့လည်း သူက ဆိုပါတယ်။ ဒီဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ကမ်းလှမ်းထားတာရှိသလို မြန်မာအစိုးရအနေနဲ့ OIC နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လုပ်သွားဖို့လည်း မစ္စတာ ဂျွန်ဂင်းက တိုက်တွန်းပါတယ်။
မစ္စတာ ဂျွန်ဂင်းဟာ သိပ် မကြာခင်ကပဲ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ၄ ရက်ကြာခရီး သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးတဲ့နေရာမှာ အကန့်အသတ်တွေ ရှိနေသလို အကူအညီပေးနေကြတဲ့ ဝန်ထမ်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ဆိုးဆိုးရွားရွား ရှိနေတဲ့အပေါ်မှာ အထူးစိုးရိမ်တဲ့အကြောင်း မစ္စတာ ဂျွန်ဂင်းက ပြောသွားပါတယ်။

“အဲဒီဒေသမှာ လုံခြုံးရေးအခြေအနေက တင်းကျပ်ပြီး ခက်ခဲပါတယ်။ အကူအညီပေးနေတဲ့ ဝန်ထမ်းတွေအပေါ် ခြိမ်းခြောက်မှုတွေကလည်း ဆိုးဆိုးရွားရွား ရှိနေပါတယ်။ ဒီလိုအခြေအနေတွေ အားလုံး စုနေတော့ အခု ကျနော်တို့ အကြီးအကျယ် စိုးရိမ်စရာဖြစ်နေရတာက လူတွေ အများအပြား အရေးတကြီး အကူအညီ လိုအပ်နေချိန်မှာ လိုအပ်တဲ့အကူအညီတွေကို ထိထိရောက်ရောက် မပေးနိုင်တဲ့အခြေအနေပါပဲ။”

ဒုက္ခသည်တွေအတွက် အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့ လိုအပ်တဲ့ လုံခြုံရေးနဲ့ ထောက်ပို့ရေး အကူအညီတွေကို မြန်မာအစိုးရဘက်က ခုထပ်ပိုပြီး စီစဉ်ဆောင်ရွက်ပေးဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ အကူအညီလိုအပ်တဲ့ ရခိုင်ဒုက္ခသည်တွေကိုရော၊ ရိုဟင်ဂျာ မူစလင်တွေကိုပါ အကူအညီတွေ ပေးအပ်နေတာမှာ၊ အထူးသဖြင့် ရိုဟင်ဂျာမူစလင် ဒုက္ခသည်တွေကို အကူအညီပေးတဲ့နေရာမှာတော့ အကန့်အသတ်တွေ အများအပြား ရှိနေတာကြောင့် မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒီအပေါ်မှာ တစုံတရာ ကူညီ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်တဲ့အကြောင်း မစ္စတာ ဂျွန်ဂင်းက ပြောသွားပါတယ်။

“အိုးအိမ်မဲ့ ဒုက္ခရောက်နေတဲ့ ရခိုင်လူမျိုးတွေကို သွားရောက် ကူညီရာမှာ အခက်အခဲ သိပ်မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီ အကူအညီပေးနိုင်ဖို့မှာတော့ အကန့်အသတ်တွေ ရှိနေပါတယ်။ ဒါကြောင့်လဲ ဒီလိုဖြစ်နေတဲ့ အခြေအနေကနေ တန်းတူ အကူအညီပေးနိုင်တဲ့ အခြေအနေကို ကျနော်တို့ လိုချင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ က မစ္စတာ ဂျွန်ဂင်း မြန်မာနိုင်ငံကို တကြိမ် သွားရောက်ခဲ့သလို အဲဒီအချိန်ကနဲ့ အခုအချိန်ထိ ကာလအတွင်း သူတွေ့ရသလောက် မြန်မာအစိုးရအနေနဲ့ လူအဖွဲ့အစည်းအချင်းချင်းအကြား တင်းမာမှုတွေ ကို လျော့ကျအောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အကြောင်းနဲ့ ဒီအတွက် စိုးရိမ်မကင်းဖြစ်ရကြောင်းတွေကိုလည်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဂျွန်ဂင်းက ထုတ်ဖော် ပြောသွားခဲ့ပါတယ်။
တချိန်တည်းမှာလည်း ကချင်ပြည်နယ်တွင်း သောင်းနဲ့ချီတဲ့ စစ်ဘေးဒဏ်သင့်ဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့အကြောင်း နဲ့ ဒီလူတွေကို ကုလသမဂ္ဂက လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့ရာမှာ အခက်အခဲတွေ ရှိနေတုန်းပဲလို့လည်း လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ဂင်း က ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG