သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် ခေါင်းဆောင်များ အဆိုပြုချက် NLD ထုတ်ပြန်


 ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်(ယာ) လွှတ်တော် တက်လာစဉ်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်(ယာ) လွှတ်တော် တက်လာစဉ်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၆)

ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်လိုက်တဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေက လာမယ့် လွှတ်တော်သစ်မှာ တိုင်းရင်းသားပြည်သူ အားလုံးအတွက် အကျိုးရှိမယ့် ဥပဒေတွေ ချမှတ် သွားမှာဖြစ်ပြီး အကျိုးမပြုတဲ့ ဥပဒေတွေကိုတော့ ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ လွှတ်တော်နှစ်ရပ် ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အဆိုပြုစာရင်းကို အနိုင်ရ အန်အယ်ဒီပါတီက ဒီကနေ့ပဲ ထုတ်ပြန်လိုက်တာပါ။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ဆက်ပြောပြပါမယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ရှေ့လ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် NLD ပါတီရဲ့ ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း တို့ကို ရွေးချယ်ထားပြီး ဒုဥက္ကဋ္ဌ နေရာတွေ အတွက်ကိုတော့ အမျိုးသား လွှတ်တော်မှာ ရခိုင် အမျိုးသားပါတီ က ဦးအေးသာအောင် နဲ့ ပြည်သူ့လွှတ်တော် မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ကချင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တို့ကို ရွေးချယ် လိုက်တဲ့ အကြောင်း NLD ပါတီက ဒီကနေ့ ပဲ အတည်ပြု ပြောဆိုလိုက်တာပါ။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်(ဝဲ) နဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၆)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်(ဝဲ) နဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီ ၁၈၊ ၂၀၁၆)

အခုလို လွှတ်တော်ဥက္ကဋ္ဌနေရာတွေမှာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို NLD က ရွေးချယ်တာဟာ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီး လုပ်ဆောင်တာ လို့ ယူဆတဲ့ အကြောင်း အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်ခံရတဲ့ လက်ရှိ အမျိုးသားလွှတ်တော်အမတ် ရခိုင် တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

" NLD က ရွေးကောက်ပွဲပြီးတဲ့အခါမှာ သဘောထားတခု ထုတ်ပြန်ပါတယ်။ ဒီရွေးကောက်ပွဲ အပြီးမှာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ သူတို့ အစိုးရအဖွဲ့ကို ဖွဲ့ပါမယ်လို့ ပြောတဲ့စကားတခွန်း ရှိပါတယ်။ အခုလည်းပဲ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များနဲ့ပတ်သက်လို့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပါတီကနေ ရွေးချယ်ထားတဲ့ အနေအထားအပေါ်မှာ အမျိုးသားရင်ကြားစေ့ရေး ဦးတည်ပြီးတော့ လျာထားသတ်မှတ်တယ်လို့ သုံးသပ်မိပါတယ်။"

ဦးအေးသာအောင်ဟာ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေ စုဖွဲ့ခဲ့တဲ့ UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ခေါင်းဆောင် အဖြစ်နဲ့၊ NLD နဲ့ နီးနီးကပ်ကပ် ရပ်တည်ခဲ့သူတဦးဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ANP ရခိုင်တိုင်းရင်းသားပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်ပါတယ်။

လွှတ်တော်က အတည်ပြုလို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူခွင့်ရမယ်ဆိုရင် သူ့အနေနဲ့ ပြည်သူတွေကို ဖိနှိပ်တဲ့၊ ပြည်သူတွေ အတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်ပြီး ပြည်သူတွေအတွက် အကျိုးပြုမယ့် ဥပဒေတွေကိုပဲ ပြဌာန်းနိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

လက်ရှိလွှတ်တော်လက်ထက်မှာ မဆောင်ရွက်နိုင်ခဲ့တဲ့ ၂၀၁၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကိုလည်း လွှတ်တော်သစ်မှာ မဖြစ်မနေ ပြင်ဆင်နိုင်အောင် ကြိုးပမ်း သွားရမှာဖြစ်ပြီးတော့ အခက်အခဲတွေ ကတော့ ရှိနိုင်တယ်လို့ ဦးအေးသာအောင် က ပြောပါတယ်။

" ကျျနော်တို့ အပြောင်းအလဲကို လိုလားတယ်။ အပြောင်းအလဲဆိုတာက တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်စေချင်တယ်။ ပြည်တွင်းစစ် ရပ်စေချင်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကို ဖော်ဆောင်ဖို့ လိုတယ်။ ဒါဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကို မဖြစ်မနေ ဖော်ဆောင်ရမယ်။ အဲ့ဒီ့လို ဖော်ဆောင်ဖို့ အတွက် ၂၀၀၈ အခြေခံဥပဒေကို မပြင်မဖြစ် ပြင်ရမယ်။ ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ပါမြဲ ပါနေတဲ့အတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အဟန့်အတားတွေ ရှိကောင်း ရှိဦးမယ်လို့ ပြောချင်ပါတယ်။"

မန်းဝင်းခိုင်သန်း(တတိယမြောက်-ယာ)
မန်းဝင်းခိုင်သန်း(တတိယမြောက်-ယာ)

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနေရာ အတွက် ရွေးချယ်ထားတဲ့ NLD အမတ် ဦးမန်းဝင်းခိုင်သန်း ကလည်း လာမယ့် လွှတ်တော်သစ်မှာ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်တဲ့ ဥပဒေတွေ ကို ပြဌာန်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

" ကျနော်တို့ အဖွဲ့ချုပ် ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတော့ ငြိမ်းချမ်းရေးတို့ ဒါ တိုင်းပြည် တိုးတက်ဖို့ လိုအပ်တဲ့ဟာတွေပေါ့။ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးဖို့၊ နောက်ပြီးတော့ အမျိုးသားရင်ကြားစေ့ဖို့တို့ ဒီဟာတွေက တိုင်းပြည် တိုးတက်ရေးမှာ အရေးတကြီး လိုအပ်တဲ့ အချက်တွေလေ။ အဲ့တော့ အဲ့ဒီ့ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ၊ အမျိုးသားရင်ကြားစေ့ရေး တို့ကို ဖော်ဆောင်နိုင်မယ့် ဥပဒေတွေကို ကျနော်တို့ ပြဋ္ဌာန်းပေးဖို့ ၊ အဟန့်အတားဖြစ်စေမယ့် ဥပဒေတွေကို ပြင်ဆင်သင့်ပြင်ဆင်ထိုက်တဲ့ ပယ်ဖျက်သင့်တာတွေ ဒါတွေကို အဓိကထား လုပ်ဆောင်ဖို့ အနေအထား ရှိပါတယ်။ နောက်ပြီးတော့ အင်မတန်မှလည်း ကျနော်တို့ ရည်မှန်းတဲ့ ဒီမိုကရေစီပေါ့လေ။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့ အဲ့တာကို အထောက်အကူပြုမယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ ကြိုးစားဖို့ ရည်ရွယ်ထားပါတယ်။"

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌနေရာ ရွေးချယ်ခံရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ်ကလည်း NLD ပါတီရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေး ဆောင်ရွက်တဲ့ လုပ်ရပ် အတွက် လေးစား ဂုဏ်ယူတယ်လို့ ပြောပါတယ်။

" ဒါ ဘာပဲပြောပြော ဒါ Winner takes all ဆိုတဲ့ဟာ အနိုင်ရပါတီက အကုန် မယူပါဘူး။ National Reconciliation ပေါ့။ သူတို့ ဦးစားပေးတယ်ဆိုတော့ ကျနော်တို့ အများကြီး appreciate ဖြစ်ပါတယ်။ "

ကြံ့ခိုင်ဖွံ့ဖြိုးပါတီကနေ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၂၀၁၀ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတဲ့ ဦးတီခွန်မြတ်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်နေတဲ့ အပေါ်မှာတော့ဒါဟာ နိုင်ငံရေးအရ သက်သက် တိုက်ခိုက်တာလို့ ဦးတီခွန်မြတ်က ဆိုပါတယ်။

"ကျနော်တော့ ဘာမှလည်း သိပ် မတုံ့ပြန်ချင်ဘူး။ ကိုယ်က ဒါ တလျောက်လုံး ဆန့်ကျင်ခဲ့တဲ့ ပုဂ္ဂိုလ် ၊ ကိုယ်က ခရစ်ယာန်လည်း ဖြစ်တယ်။ ခရစ်ယာန်တွေက ဒါတွေ ကျနော်တို့ လက်မခံပါဘူး။ ကျနော့် လူထုတွေလည်း ဘယ်လို သွားလက်ခံမလဲ။ အဲ့တော့ ကျနော်တို့ အဲ့ဒီ့မှာ လုံခြုံရေး တာဝန်ယူတုန်းက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျနော်ကိုယ်တိုင် ဦးဆောင်ပြီးမှ တိုက်ခိုက်တဲ့ စခန်းကြီးတွေရှိပါတယ်။ ဒါတွေလည်း တရားဥပဒေအတိုင်း တရားရုံးတွေမှာ သိမ်းပြီးမှ လုပ်ခဲ့တဲ့အပိုင်းတွေ ကျတော့ သူတို့ Mention မလုပ်ဘူး။ အခု ဘာမှ မဟုတ်တဲ့ဟာ ကျနော်တို့ လုပ်တယ်ဆိုတာက တပ်မတော်နဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးတွဲပြီးပဲ လှုပ်ရှားနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲ့တာကိုတော့ Mention မလုပ်ဘဲနဲ့ ကျနော်ကိုကျမှ နိုင်ငံရေး ပရောဂလို့ပဲ ပြောချင်ပါတယ်။"

NLD ပါတီက အခု ရွေးချယ် လိုက်တဲ့ သူတွေကို လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေ မှာ တရားဝင် ခန့်အပ်ခံရဖို့ကတော့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်နေရာ အများစုကို NLD ပါတီက အနိုင်ရထားတာကြောင့် အတည်ပြုချက် အလွယ်တကူ ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။

XS
SM
MD
LG