သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ဂျနီဗာ ဆွေးနွေးပွဲမှာ တင်ပြ


သတင်းဓာတ်ပုံ- မြန်မာ UPR ဖိုရမ်။
သတင်းဓာတ်ပုံ- မြန်မာ UPR ဖိုရမ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စဉ်ဆက်မပြတ်ဖြစ်နေပြီး လွတ်လပ်စွာ ပြောဆို စုဝေးခွင့်တွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေဆဲဖြစ်တယ်လို့ ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီ ကို ရောက်နေတဲ့ မြန်မာလူထု အခြေပြုအဖွဲ့ (၃၅) ဖွဲ့ကျော် ကို ကိုယ်စားပြုတဲ့ မြန်မာ UPR ဖိုရမ် က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ အစိုးရ အနေနဲ့ UPR လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ ပုံမှန် သုံးသပ်ဆွေးနွေးပွဲမှာ ကတိပြုထားတဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာ အကောင်အထည်ဖေါ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြောပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာရှိတဲ့ လူ့အခွင့်အရေးကောင်စီ ဌာနချုပ်မှာ မနေ့က မြန်မာ UPR ဖိုရမ် ကိုယ်စားလှယ်တွေဟာ နိုင်ငံပေါင်း (၄၀)ကျော်က သံတမန်တွေ၊ ကုလသမဂ္ဂအရာရှိတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိူးဖောက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာပါ။

မြန်မာအစိုးရဘက်က အခုချိန်ထိပြုပြင်ပြောင်းလဲခြင်းမရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အဓိက တင်ပြခဲ့တဲ့ အကြောင်း မြန်မာ UPR ဖိုရမ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။

" ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးအရ ဖမ်းဆီးပြီးတော့ အကျဉ်းကျခံနေရတဲ့သူတွေ နဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ၊ ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး နောက်တခါ အမျိုးသမီးရေး နောက်ပြီးရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဘာသာရေး ကျင့်သုံးခွင့်၊ နောက်တခါ မူရင်းဌာန လူမျိုးများ အကြောင်းအရာ၊ ပြီးရင် ဒုက္ခသည်များနဲ့ LGPD အကြောင်းအရာကို တင်ပြသွားတာဖြစ်ပါတယ်။"

အထူးသဖြင့် နိုဝင်ဘာလမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတွေကို လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ရွေးကောက်ပွဲကာလမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီ မဲစာရင်းတွေ မှားယွင်းနေတာကို ထောက်ပြတာရှိတယ်။ ဘာသာရေးကို အကြောင်းပြပြီးတော့မှ တချို့သောပါတီတွေကို တိုက်ခိုက်တာတွေ ဒါတွေကို ဘာသာရေး အကြောင်းပြပြီးတော့ မဲဆွယ်တဲ့ဟာတွေ ဒါတွေကို ထောက်ပြတာ ရှိတယ်။ နောက်တခုက အမျိုူးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်တဲ့အချိန်မှာ အကြမ်းဖက်မှုလုပ်ဆောင်နေတာတွေကို ကျနော်တို့ တင်ပြတာရှိပါတယ်။ အဲ့တာတွေကတော့ ကျနော်တို့ လက်ရှိ အခြေအနေ နောက်ပိုင်းမှာမတ်လမှာ Report တင်ပြီး နောက်ပိုင်း မှာဖြစ် ပေါ်လာတဲ့ အကြောင်းအရာတွေကို တင်ပြတာဖြစ်တယ်။

ဘာတွေ ပါသေးလဲဆိုတော့ ရပ်ရွာအတွင်းမှာ အကြမ်းဖက် မှုတွေကြောင့် ဖြစ်နေတဲ့ပြသနာတွေ ဘာသာရေး ကိုးကွယ်မှုမှာ အခြေခံပြီးတော့ လှုပ်ရှားမှုတွေ အဲ့ဒီ့ရဲ့ လုပ်ဆောင်မှုတွေ က ရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ တင်ပြသွားတာ ရှိပါတယ်။"

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု စဉ်ဆက်မပျက်ဖြစ်နေတဲ့အထဲမှာ ကလေးအခွင့်အရေးဟာ အဆိုးဆုံးဖြစ်တယ်လို့ ဂျီနီဗာကိုရောက်နေတဲ့ ကလေးအခွင့်အရေး ကာကွယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကပြောပါတယ်။

ကလေးစစ်သား စုဆောင်းမှုနဲ့ ကလေးငယ်တွေလူကုန်ကူးခံရမှုအပါအဝင် အခြား ကလေး အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မြန်မာအစိုးရက မလုပ်နိုင်ခဲ့ဘူးလို့လည်း ကလေးအခွင့်အရေး ကာကွယ်ရေးဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့(၁၅)ဖွဲ့ရဲ့ ကိုယ်စားလှယ်တဦးဖြစ်သူ United Against Child Trafficking တာဝန်ခံ ကိုရဲရင့်နောင်ကပြောပါတယ်။

"ကလေးစစ်သားကိစ္စတွေမှာဆိုရင် အစိုးရဘက်က ကလေးစစ်သားတွေကို လွှတ်ပေးတာတွေတော့ရှိတယ်ပေါ့နော်။ မိဘတွေလက်ထဲ ပြန်အပ်တာမျိုုးပေါ့။ ဒါပေမဲ့လည်း အစိုးရတပ်မှာရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာရော ကလေးစစ်သားက ရှိတုန်းပဲ။ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးမယ့်ကိစ္စမှာ လက်နက်ကိုင်တပ်တွေက ကလေးစစ်သားတွေအကြောင်း ထည့်သွင်းစဉ်းစားထားတာမရှိတော့ ကလေးစစ်သားတွေအတွက် က စိန်ခေါ်မှုတွေရှိနေတုန်းပဲ။ ကလေးကူးသန်းရောင်းဝယ်မှုနဲ့ပတ်သက်ရင်လည်း အစိုးရပိုင်းက လုပ်ဆောင်နေတာတွေရှိတယ်- လူကုန်ကူးမှုနဲ့ပတ်သက်ပြီး တားဆီးနေတာတွေရှိပါတယ်။ ကလေးတွေကို ဥပဒေ သေချာပြဌာန်းပြီးတော့ လုပ်ဆောင်ပေးတာမရှိဘူး။ အဲ့လို ကလေးတွေကို အကာအကွယ်ပေးဖို့ အကြံပေးတင်ပြခဲ့ပါတယ်။"

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ မြန်မာ စစ်တပ်ရဲ့ထိုးစစ်ဆင်မှုကြောင့် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူပေါင်း (၁၄၀,၀၀၀) ကျော်ထိတိုးလာခဲ့သလို ထိုင်းမြန်မာ နယ်စပ် တလျောက်မှာလည်း ဒုက္ခသည်ပေါင်း (၁၁၀,၀၀၀)နီးပါး ရှိနေတာ ဟာ နှစ်ပေါင်း (၃၀)နီးပါးရှိနေကြောင်း မြန်မာ UPR ဖိုရမ်ရဲ့ အစီရင်ခံစာမှာဖေါ်ပြ ထားပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေပွင့်လာပေမဲ့ တချိန်ထဲမှာပဲ လယ်ယာမြေတွေကို အတင်းအဓမ္မ သိမ်းဆည်းတဲ့ ချိုးဖောက်မှုတွေ ပိုပြီး ဆိုးရွားလာနေပြီး ဒေသခံပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ခြိမ်းခြောက်နေတယ်လို့လည်းအစီရင်ခံစာမှာရေးသားထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ တနိုင်ငံချင်းစီအပေါ် ၄ နှစ်တကြိမ် ပြုလုပ်တဲ့ UPR လုပ်ငန်းစဉ်ဆွေးနွေးပွဲကို နိုဝင်ဘာလ (၂)ရက်နေ့ကနေ (၁၃)ရက်နေ့ထိ ဂျီနီဗာ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပမှာဖြစ်ပါတယ်။ နိုဝင်ဘာလ (၆)ရက်နေ့မှာ အလှည့်ကျတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်က ပထမအကြိမ် အဖြစ် မြန်မာနိုင်ငံ ဟာ UPR မှာ ပါဝင်ခဲ့တာပါ။ အဲဒီတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သမ္မတဦးသိန်းစိန်အစိုးရက သဘောတူညီခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကတိပြုချက် အတော်များများကို လေးနှစ်တာကာလအတွင်း လိုက်နာဆောင်ရွက်တာမျိုး မတွေ့ခဲ့ရဘူးလို့လည်း ဦးအောင်မျိုးမင်း ကပြောသွားပါတယ်။

XS
SM
MD
LG