သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီး Hagel လုံခြုံရေးကြောင့် အာဖဂန်သတင်းစာရှင်းလင်းပွဲ ဖျက်သိမ်း


အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကဘူးမြို့ကို ရောက်ရှိလာစဉ်။ (မတ်လ ၁၀ ရက်၊ ၂၀၁၃)။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကဘူးမြို့ကို ရောက်ရှိလာစဉ်။ (မတ်လ ၁၀ ရက်၊ ၂၀၁၃)။
အမေရိကန်ကာကွယ်ေရးဝန်ကြီး Chuck Hagel ရဲ့ အာဖဂန်နစ္စတန်နိုင်ငံ ခရီးစဉ်အတွင်းမှာ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းရဲ့ လက်ခံနိုင်စရာမရှိတဲ့ မိန့်ခွန်းစကားကို ကြားခဲ့ရသလို လုံခြုံရေးအန္တရာယ်ကြောင့် စီစဉ်ထားတဲ့ သတင်းစာရှင်းပွဲကို ဖျက်ခဲ့ရပါတယ်။ ဘယ်လို လုံခြုံရေး စိုးရိမ်စရာရှိသလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေက မပြောပါဘူး။ ဒါပေမဲ့ မစ္စတာ Hagel ရောက်နေစဉ် စနေနေ့ကတော့ ကဘူးမြို့နဲ့ ကို့စ်တ် (Khost) မြို့တို့မှာ အသေခံဗုံးခွဲမှု ၂ ခုကြောင့် ၁၉ ယောက် သေဆုံးခဲ့ပါတယ်။

ကဘူးမြို့တော်မှာ မစ္စတာ Hagel ရောက်နေချိန်မှာ အာဖဂန် ကာကွယ်ရေးဝန်ကြီး ဌာနကို ပစ်မှတ်ထား ဗုံးခွဲခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာ သမ္မတ ခါဇိုင်းပြောကြားခဲ့တဲ့ မိန့်ခွန်းတခုထဲမှာ တာလီဘန်တွေဟာ အမေရိကန်တို့အတွက် လုပ်ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ တာလီဘန်တွေဟာ စနေနေ့ကလို တိုက်ခိုက်မှုတွေလုပ်ပြီး အာဖဂန်ပြည်သူတွေကို ကြောက်လန့်အောင် လုပ်ကာ ၂၀၁၄ ခုနှစ်နောက်ပိုင်းအထိ အာဖဂန်နိုင်ငံမှာ နိုင်ငံခြားတပ်တွေ ရှိနေစေချင်အောင် လုပ်နေတယ်လို့ မစ္စတာ ခါဇိုင်းက ဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တာလီဘန်တွေနဲ့ တဖက်သတ်အလုပ်လုပ်နေတယ် ဆိုတာဟာ မမှန်ကန်ဘူးဆိုတာကို မစ္စတာ ခါဇိုင်းကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ မစ္စတာ Hagel က သူနဲ့အတူ လိုက်ပါသွားတဲ့ သတင်းထောက်တွေကို ပြောပြပါတယ်။ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအရ တည်ငြိမ်ဖို့က အာဖဂန်ပြည်သူတွေကပဲ ဦးဆောင်ရမှာဖြစ်တယ်လို့ မစ္စတာ Hagel ကဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း အသက်သွေးချွေးတွေနဲ့ ပေးဆပ်ခဲ့တဲ့ အမေရိကန်တပ်တွေ အနေနဲ့ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုတွေနဲ့ အသာစီးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိဘူးလို့ အာဖဂန်ဆိုင်ရာ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး Joseph Dunford ကလည်း သမ္မတခါဇိုင်းရဲ့ မိန့်ခွန်းကို တုံ့ပြန်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကျော်ရင် အာဖဂန်နစ္စတန်မှာရှိနေတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင် ၈ ထောင်ကနေ ၁ သောင်း ၂ ထောင်ကြား ရုပ်သိမ်းဖို့ နေတိုးမဟာမိတ်တွေက စဉ်းစားနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း Leon Panetta က ပြီးခဲ့တဲ့လက ပြောခဲ့ပါ တယ်။ လောလောဆယ် အာဖဂန်နစ္စတန်မှာ နေတိုးတပ်ဖွဲ့ဝင်ပေါင်း ၁ သိန်းလောက်ရှိပါတယ်။
XS
SM
MD
LG