သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားနိုင်ငံတွင်း IS စခန်း ကန် ဗုံးကြဲ တိုက်ခိုက်


အမေရိကန် ဗုံးကျဲ စစ်လေယာဉ်။
အမေရိကန် ဗုံးကျဲ စစ်လေယာဉ်။

လစ်ဗျားနိုင်ငံအနောက်ပိုင်း၊ တူနီးရှားနိုင်ငံနယ်စပ်က IS စစ်သွေးကြွ အစွန်းရောက် အဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းတခုကို အမေရိကန် စစ်လေယာဉ်တွေက ဒီကနေ့ ဗုံးကျဲ တိုက်ခိုက်တာမှာ ပစ်မှတ်ကို ထိမှန်ပြီး အကြမ်းဖက်ဝါဒကိုင်စွဲတဲ့ အဖွဲ့ဝင်သစ် ဒါဇင်ပေါင်းများစွာ သေဆုံးပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း IS အဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင်ဖြစ်သူ Noureddine Chouchane သေဆုံးသွားဖွယ် ရှိတယ်လို့ အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တူနီးရှားမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးနှစ်ခုဟာ အခုသေဆုံးခဲ့တဲ့ ခေါင်းဆောင်နဲ့ ဆက်စပ်နေတယ်လို့ ပြောထားတာပါ။ Tunis မြို့က ပြတိုက်နှစ်ခုနဲ့ မြို့တော်အပြင်ဘက်က အပမ်းဖြေကမ်းခြေတခုတို့ကို တိုက်ခိုက်တာမှာ လူခြောက်ဆယ်ထက်မနည်း သေဆုံးခဲ့ပါတယ်။

လစ်ဗျားနိုင်ငံ မြေထဲပင်လယ် ကမ်းရိုးတန်း Tripoli မြို့တော် အနောက်ဘက် ၇၅ကီလိုမီတာလောက်အကွာ Sabratha မြို့ပြင်က လယ်တဲအိမ်တလုံးကို အမေရိကန်က ပစ်မှတ်ထား တိုက်ခိုက်တာပါ။ အာရုဏ်မတက်ခင်မှာ လုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ လူ ၄၀ အထိ သေဆုံးတယ်လို့ ဒေသတွင်း သတင်းတွေက ပြောပါတယ်။ သေဆုံးသူအများစုဟာ IS အဖွဲ့ဝင်သစ်တွေဖြစ် တယ်လို့ အမည်မဖော်ပြဖို့ ပန်ကြားတဲ့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။

၂၀၁၁ ခုနှစ်က လစ်ဗျားအာဏာရှင် မွမ်မာ ဂဒါဖီကိုဖြုတ်ချပြီး သတ်လိုက်ပြီးကတည်းက ဆိုရင် လစ်ဗျားနိုင်ငံမှာ ရုန်းရင်းဆန်ခတ် နဲ့ နိုင်ငံရေး မတည်မငြိမ် အခြေအနေတွေ ဖြစ်နေတာပါ။

XS
SM
MD
LG