သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗလီကျောင်းမီးလောင်မှု အဖြစ်မှန် စုံစမ်းဖို့ နိုင်ငံတကာ တိုက်တွန်း


ဗလီမီးလောင်မှုအတွင်း သေဆုံးသွားတဲ့ ကလေးငယ် ၁၃ ဦးကို အစ္စလာမ်ဘာသာထုံးတမ်းနဲ့အညီ ဈာပနကျင်းပခဲ့ (၂ ဧပြီ ၂၀၁၃)
ဗလီမီးလောင်မှုအတွင်း သေဆုံးသွားတဲ့ ကလေးငယ် ၁၃ ဦးကို အစ္စလာမ်ဘာသာထုံးတမ်းနဲ့အညီ ဈာပနကျင်းပခဲ့ (၂ ဧပြီ ၂၀၁၃)
မနေ့မနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အစ္စလာမ် ဗလီ စာသင်ကျောင်း မီးလောင်မှုမှာ သေဆုံးခဲ့သူတွေကို၊ မနေ့ကပဲ ရန်ကုန် ရေဝေး သုသာန်မှာ ဈာပန ပြုလုပ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်ရပ် အသေးစိတ်ကို အစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ တဘက်မှာလည်း ဘာသာရေး တင်းမာမှုတွေ ရှိနေချိန် အခုလို ဖြစ်ရပ်ကြောင့်၊ သံသယ ဖြစ်မှုတွေ မရှိအောင် တာဝန်ရှိသူတွေကလည်း ရှင်းလင်း တင်ပြနေပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း ဗလီ ကျမ်းစာသင်ကျောင်းမှာ မီးလောင်လို့ မီးခိုးမွှန်ပြီး သေဆုံးခဲ့တဲ့ ကျောင်းသား ၁၃ ဦးရဲ့ ဈာပနကို မနေ့ကပဲ ရန်ကုန် ရေဝေးသုသာန်မှာ အစ္စလာမ်ဘာသာ ထုံးတမ်းနဲ့ သင်္ဂြိုဟ်ခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ အစ္စလာမ် ဘာသာဝင်တွေ တတ်ရောက်ခဲ့ကြသလို၊ ၈၈ မျိုးဆက်အဖွဲ့က ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုမြအေးတို့လည်း တတ်ရောက်ပါတယ်။ ဘာသာရေး တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်မှာ အခုလို ဖြစ်ရပ်ကြောင့် သံသယနဲ့ အမုန်းတရားတွေ ပျံ့နှံ့လာမှာကို စိုးရိမ်တယ်လို့ ကိုမြအေး က အဲ့ဒီ ဈာပနမှာပဲ ဈာပနလာကြသူတွေကို ပြောခဲ့ပါတယ်။

“ကျနော် မနေ့ကလည်း မိတ္ထီလာ ရောက်ခဲ့တယ်။ ဒုက္ခသည်စခန်း အတွင်းမှာ တွေ့ခဲ့တယ်။ အဲ့ဒီ ဒုက္ခသည်စခန်းတွင်းမှာသည်ပင်လျှင် ကျနော် စောစောက ပြောသွားသလို ကောလဟာလတွေက အရမ်းကို ပြန့်နေတယ်။ လူလူချင်း အမုန်းတရားတွေ ပွားစေတဲ့ ကောလဟာလတွေ အရမ်းကို ပြန့်နေတယ်။ အဲ့ဒါကြောင့် ကျနော်က အရမ်းပဲ စိတ်ပူပါတယ်။ အတိအလင်းပဲ ပြောပါမယ်။ အတိအလင်းဆိုတာက ဒီသင်္ကြန်၊ ဒီသင်္ကြန်ကို ကျနော် အလွန်ပဲ စိတ်ပူနေပါတယ်။ အဲ့ဒါကို ကျနော်တို့ အားလုံး ဝိုင်းကာပြီးတော့ ဝိုင်းပြီးတော့ တားဆီးမှ ရမယ်လို့ ကျနော် မြင်ပါတယ်။”

တချိန်တည်းမှာပဲ ဒီဖြစ်ရပ်ကြောင့် ဘာသာရေး တင်းမာမှုတွေ ရန်ကုန်မှာ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မီးလောင်တဲ့ ဗလီနားမှာ လုံခြုံရေးတွေ အတော်လေး တင်းကြပ်ထား ပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကလည်း ချက်ခြင်းဆိုသလို သတင်းစာ ရှင်းလင်းပွဲခေါ်ယူခဲ့ပြီး၊ မီးလောင်မှုဖြစ်စဉ်ကို ရှင်းလင်းပါတယ်။ မီးအားမြှင့်စက်ကနေ ဝါယာရှော့ဖြစ်လို့ စတင် လောင်ကျွမ်းရာကနေ ပိတ်မိနေတဲ့ အထဲက ကျောင်းသားတွေ မီးခိုးမွှန်ပြီး သေဆုံးခဲ့တာလို့ မီးသတ်အရာရှိတဦးက အခုလို ကောက်ချက်ချပါတယ်။

“အောက်ဆီဂျင် မရဖြစ်သွားတာ ကလေးတွေ သနားဘို့ အရမ်းကို ကောင်းပါတယ်။ မီးလောင်တဲ့အခါ ကလေးတွေက ငယ်တော့ မဆင်းနိုင်တဲ့အခါ မီးခိုးငွေ့တွေ ရှုမိတာပေါ့နော်။ မီးခိုးတွေ ထွက်နေလို့ ကျနော်တို့ ရောက်လာတယ်။ မီးစလေးတွေ နည်းနည်းပါးပါး တွေ့တယ်။ တွေ့တော့ တံခါးဖျက်ပြီး ဝင်တော့ မီးအားမြှင့်စက် မီးလောင်နေတာကို တွေ့တာပေါ့နော်။ ကျနော်တို့က မီးစက်မှာပဲ တွေ့တာပဲလေ။ ဒါပေမဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိဘူးပေါ့နော်။”

ဒါပေမဲ့လည်း အသေးစိတ်ကိုတော့ ဗလီကျောင်း တာဝန်ရှိသူတွေကို စုံစမ်း မေးမြန်းနေ တယ်လို့ ရဲဘက်က ပြောပါတယ်။

ရန်ကုန် အမေရိကန်သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) ကလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ရာမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေအတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲမိတယ်လို့ ဖော်ပြပါတယ်။

တချိန်တည်းမှာလည်းပဲ ဒီမီးလောင်မှု ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း နဲ့ အပြည့်အစုံ စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာအစိုးရအနေနဲ့ တာဝန်ရှိတဲ့ လူမှုအသိုင်း အဝိုင်းက ပုဂ္ဂိုလ်တွေနဲ့အတူ နီးနီးကပ်ကပ် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထား ပါတယ်။

EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) အနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ အလွန်အမင်း တုန်လှုပ်မိပြီး၊ မိသားစုဝင်တွေနဲ့အတူ ထပ်တူ ကြေကွဲတဲ့အကြောင်း သူ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်အပေါ်မှာ သံသယ မရှိကြစေဖို့အတွက်လည်း စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို EU နိုင်ငံခြားရေး အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က တိုက်တွန်းထားပါတယ်။

ဗိုလ်တထောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ ဦးသန့်ဇော်ဦး ကတော့ ဒါဟာ သာမန် မီးလောင်မှုလို့ ပြောပါတယ်။

“ဒီဗလီမှာရှိတဲ့ လှေကားအောက်က မီးအားမြှင့်စက် ကနေပြီးတော့ အပူလွန်ကဲပြီးတော့ အဲ့ဒီကနေမှ ဝါယာရှော့ ဖြစ်တာပေါ့။ ဝါယာရှော့ဖြစ်ပြီးတော့ လှေကားအောက် ဆိုတော့ လှေကားကို မီးလောင်သွားတာပေါ့နော်။ လှေကားမီးလောင်သွားတဲ့ အခါကျတော့ အပေါ်ထပ် ထပ်ခိုးလေးမှာ အိပ်ကြတဲ့ ကလေးတွေက ထွက်ပေါက် ပိတ်ပြီးတော့ မီးခိုးမွှန်ပြီးတော့ ၁၃ ယောက်လောက်က ဆုံးသွားတယ်။”

ဖြစ်တဲ့အချိန်မှာ ကျမ်းစာသင်ကျောင်းမှာ ကျောင်းသား ၇၀ ကျော်ရှိနေပြီး၊ အတော်များများကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဗိုလ်တထောင်မြို့နယ်က ကြက်ခြေနီ အဖွဲ့ဝင်တဦးဖြစ်တဲ့ မခင်သန်းစိုး ကတော့ မီးထဲကနေ ကလေးငယ် ၃၀ လောက်ကို ကူညီ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

“ဒီအထဲထဲမှာပဲ လောင်နေတာလေ။ ဘာဖြစ်တယ်ဆိုတာတော့ ကျမလည်း မသိဘူးပေါ့။ ကျမတို့ကတော့ ဒါ မီးလောင်တယ်ဆိုတဲ့အတွက် ကြက်ခြေနီ လူမှု ကရုဏာလုပ်ငန်း လုပ်နေသူတွေ ဖြစ်တဲ့အတွက် ကျမတို့က လူမျိုး၊ ဘာသာမရွေး အကုန်လုံးကို ကူညီဖို့ရာ ကျမတို့မှာ ဒီမေတ္တာ၊ စေတနာလေးတွေ နှလုံးထဲမှာ အမြဲတမ်း ထားထားပါတယ်။ ဘယ်လိုမျိုးပဲ ဖြစ်နေဖြစ်နေ ကျမတို့က သဘာဝဘေးအန္တရာယ်ပဲ ကျရောက်ကျရောက်၊ ဘယ်လိုပုံစံမျိုးပဲ ဖြစ်နေဖြစ်နေ ကျမတို့က ကူညီဖို့ရာ အဆင်သင့်ပါပဲ။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ အလယ်ပိုင်း မြို့အတော်များများမှာ အစ္စလာမ် ဘာသာ ဗလီကျောင်းတချို့ မီးရှို့ဖျက်စီးခံရတာကြောင့်၊ အခြေအနေတွေ ကူးစက်မ လာအောင် အာဏာပိုင်တွေရော လူမှုအဖွဲ့အစည်းတွေကပါ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြရ ပါတယ်။

အထူးသဖြင့် ရန်ကုန်မှာဆိုရင် ညပိုင်းတွေမှာ ဗလီတွေကို အလှည့်ကျ စောင့်ကြပ်ရတဲ့ အထိ ဖြစ်နေပါတယ်။ ဒါပေမဲ့ အခြေအနေတွေကို ဘာသာရေးအရ ဖြစ်တယ်လို့ မမြင်ဘဲ တခြား ပယောဂကြောင့်လို့ ယူဆတဲ့အကြောင်း မူဆလင်တဦးက မနေ့က ကျောင်းသား ၁၃ ဦးရဲ့ ဈာပနမှာ ပြောခဲ့ပါတယ်။

“ဒီကိစ္စဟာ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာ တက်နေတဲ့ ပြဿနာ မဟုတ်ဘူး။ ကျနော်တို့နဲ့ ဗုဒ္ဓဘာသာတွေရဲ့ ကြားထဲမှာရှိတဲ့ အချစ်တရားကို ဖျက်စီးဖို့အတွက် ဒါ Politics လို့ပဲ မြင်ပါတယ်။ မှန်ပါတယ် မှန်ပါတယ်..”

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်းမှာ မနှစ်က စတင်ခဲ့တဲ့ လူမျိုးရေး တင်းမာမှုတွေကနေ၊ အခုနှစ် ပြီးခဲ့တဲ့ မေလမှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ဘာသာရေး တင်းမာမှုတွေအထိ ကျယ်ပြန့်လာတာကြောင့် အခြေအနေတွေကို ပြန်လည် တည်ငြိမ်အောင်လို့ အာဏာပိုင်တွေရော၊ လူမှု အဖွဲ့အစည်း တာဝန်ရှိသူတွေရော ဘာသာရေးခေါင်းဆောင်တွေပါ ကြိုးပမ်းနေကြချိန် ဖြစ်ပါတယ်။
XS
SM
MD
LG