သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံ သဘာပတိဟောင်း အဂတိလိုက်စားမှုစွဲချက်နဲ့ ဖမ်းဆီးခံရ


ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း John Ashe
ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း John Ashe

အမေရိကန် ဒေါ်လာ သန်းနဲ့ချီ လာဘ်ယူပြီး တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးခဲ့မှုနဲ့ နှစ်ပေါင်းများစွာ အခွန်ငွေပေးဆောင်ဖို့ ပျက်ကွက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်းတဦးကို နယူးယောက်မြို့မှာ ဖမ်းဆီး စွဲချက်တင် လိုက်ပါတယ်။

အသက် ၆၁ နှစ်အရွယ် John Ashe ဟာ Antigua နဲ့ Barbuda နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်အဖြစ် ၂၀၀၄ နှစ်ကနေ စတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်မှာ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။ သူ့ကို နယူးယောက်မြို့ ဆင်ခြေဖုံးအရပ်မှာရှိတဲ့ သူ့နေအိမ်မှာ အင်္ဂါနေ့မနက်က ဖမ်းဆီး ထိန်းသိမ်းလိုက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

John Ashe အနေနဲ့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြား လာဘ်ငွေ အနဲဆုံး ဒေါ်လာ ၁.၃ သန်းကို လက်ခံခဲ့ပြီး အဲဒီငွေတွေအတွက် အမေရိကန်အစိုးရကို အခွန်ပေးဆောင်ခြင်း မရှိခဲ့ဘူးလို့ နယူးယောက်မြို့ တောင်ပိုင်းခရိုင် အစိုးရရှေ့နေ Preet Bharara က ၃၇ မျက်နှာပါ စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။

သူ့အပေါ် တင်ထားတဲ့ စွဲချက်ထဲမှာ ဖော်ပြထားချက်တွေအရ သူ့အနေနဲ့ Rolex နာရီတွေ၊ ဒီဇိုင်းနာ အနောက်တိုင်း ဝတ်စုံတွေနဲ့ ကိုယ်ပိုင် ဘတ်စကက်ဘောကွင်းတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် John Ashe အနေနဲ့ သူ့ရဲ့ ၆၈ ကြိမ်မြောက် အထွေထွေညီလာခံ ဥက္ကဋ္ဌရာထူးအပြင် သူ့ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကို ရောင်းစားခဲ့တာ ဖြစ်တယ်လို့ သူ့အပေါ် စွဲချက်တင်ကြောင်း ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Bharara က သတင်းထောက်တွေကို ပြောပါတယ်။

XS
SM
MD
LG