သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Russel မြန်မာပြည် ရောက်ရှိ


ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ။
ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ။

ဒီနေ့ ညနေ နေပြည်တော်ကိုရောက်မယ့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ လာမယ့် ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေ နဲ့ ဆွေးနွေးသွားမယ်လို့ ရန်ကုန်မြို့အမေရိကန်သံရုံးက ပြောပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ရဲ့ ခရီးစဉ်အကြောင်း အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်မယ့် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဒီကနေ့ ညပိုင်းမှာ နေပြည်တော်ကို ရောက်ရှိမှာဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အကြောင်းကို ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

"စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်ထိ မြန်မာနိုင်ငံကို လာမယ့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အရပ်ဖက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံသွားမှာပါ။"

ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ လည်း တေ့ွသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံး facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပတဲ့ EAS အရှေ့အာရှ ထိပ်သီးညီလာခံ ဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက် မြန်မာခရီးစဉ်မှာတော့ မကြာမီကျင်းပတော့မယ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့အတူ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေး ဆွေးနွေးမှုတွေနဲ့ အခြားအကြောင်းအရာတွေ ကို ဆွေးနွေးသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက အခုလိုပြောပါတယ်။

"သူ မြန်မာနိုင်ငံမှာ ရှိနေတုန်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို တာဝန်ရှိသူအသီးသီးတွေနဲ့ ဆွေးနွေးသွားပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ အားပေးထောက်ပံ့မှုတွေကိုလည်း အလေးအနက်ထားပြောဆိုသွားမယ့်အပြင် လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေမှာ တိုးတက်မှုတွေရှိလာအောင် အားပေးသွားပါမယ်။"

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့အထိ တရုတ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး တရုတ်အရာရှိတွေနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အဲ့ဒီကနေမှတဆင့် မွန်ဂိုလီးယားနိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးစပ်မှုရှိအောင် ဆွေးနွေးမှုတွေအပြင် မွန်ဂိုလီးယားနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းတာ ၂၅ နှစ် ပြည့်မြောက်မှုကိုလည်း ချီးကျူး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

XS
SM
MD
LG