သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှို့ဝှက်သတင်း ပေါက်ကြားခြင်း စုံစမ်းမှု အိမ်ဖြူတော်ကာကွယ်


အမေရိကန် ရှေ့နေချုပ် Eric Holder (၁၄ မေ ၂၀၁၃)
အမေရိကန် ရှေ့နေချုပ် Eric Holder (၁၄ မေ ၂၀၁၃)
al-Qaeda အဖွဲ့ ဗုံးဖောက်ခွဲဖို့ စီစဉ်တာကို လက်ဦးမှုယူ တားဆီးလိုက်နိုင်တဲ့ CIA အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ ယေမင်နိုင်ငံမှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေ ဘယ်ကပေါက်ကြားခဲ့သလဲ ဆိုတဲ့အပေါ် ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေမှုကို အိမ်ဖြူတော်က ကာကွယ် ပြောကြားလိုက်ပါတယ်။

သတင်းထောက်တွေမှာ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပိုင်ခွင့် လွတ်လွတ်လပ်လပ် ရှိတာကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အပြည့်အဝ ယုံကြည်ပေမဲ့ အထူး လျှို့ဝှက်ထားတဲ့ အချက်အလက်တွေ မပေါက်ကြားအောင် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း သမ္မတက မြင်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလနဲ့ မေလတွေအတွင်း AP သတင်းဌာနက အယ်ဒီတာတွေနဲ့ သတင်းထောက်တွေရဲ့ တယ်လီဖုန်း ဆက်သွယ်မှု မှတ်တမ်းတွေကို အစိုးရက လျှို့ဝှက် ရယူခဲ့တဲ့အပေါ် တချို့ အမေရိကန် သတင်းထောက်တွေက လူသိရှင်ကြား ကန့်ကွက်နေတဲ့အတွက် အိမ်ဖြူတော်က အခုလို ကာကွယ်ပြောကြားခဲ့တာ ဖြစ်ပါ တယ်။

ယေမင်နိုင်ငံမှာလုပ်ခဲ့တဲ့ စစ်ဆင်ရေးအကြောင်းကို AP သတင်းဌာနက ၂၀၁၂ ခုနှစ် မေလမှာ သတင်းရေးသား ဖော်ပြခဲ့ပါတယ်။ အခုလို တယ်လီဖုန်း မှတ်တမ်းတွေကို အစိုးရက လျှို့ဝှက် စစ်ဆေးခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လိုမှ တရားမျှတတယ်လို့ ဖြေရှင်းလို့ မရနိုင်ဘူးလို့ AP အကြီးအကဲက ပြောကြားခဲ့သလို၊ အမေရိကန် သတင်းစာ အယ်ဒီတာများအဖွဲ့ကလည်း အင်မတန် တရားလွန်ပြီး အလွန် စိတ်ပျက်စရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

AP ကို သတင်းပေါက်ကြားခဲ့တဲ့အတွက် အမေရိကန်ပြည်သူတွေ အန္တရာယ် ဖြစ်စေခဲ့တယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုဒါ (Eric Holder) ကတော့ ဆိုပါတယ်။ ဒီပေါက်ကြားမှုနဲ့ ဆက်နွယ်ပြီး သူ့ကို FBI က စစ်ဆေးနေတဲ့အတွက် စုံစမ်းမှုမှာ သူ မပါဝင်ဖို့ လုံခြုံရေးအဖွဲ့များရဲ့ ထိပ်တန်းအရာရှိဖြစ်တဲ့ မစ္စတာ ဟိုဒါ က ဆုံးဖြတ်ခဲ့ပါတယ်။
XS
SM
MD
LG