သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ကူညီရေး ၂၀၁၇ အမေရိကန်အသုံးစရိတ်ထဲ ပါဝင်


အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ နိုင်ငံခြားရေးဝန်ကြီး John Kerry က အင်္ဂါနေ့က တင်သွင်း လိုက်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် တင်သွင်းတဲ့ ရသုံးငွေစာရင်းဟာ ၂၀၁၆ ခုနှစ်အတွက် တင်သွင်းခဲ့တဲ့ ဒေါ်လာ ၅၀ ဘီလီယံလောက် ပျမ်းမျှရှိတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

အခုတင်သွင်းတဲ့ ရသုံးခန့်မှန်းငွေစာရင်းမှာ နိုင်ငံခြားရေးဌာနအနေနဲ့ ကမ္ဘာတဝှမ်း ဘယ်လိုကဏ္ဍတွေမှာ သုံးစွဲနေတယ် ဆိုတာတွေကို ဝန်ကြီးကယ်ရီက ထည့်သွင်း ပြောကြားရာမှာ မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ နိုင်ငံတွေမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လုပ်ဆောင်ချက်တွေကို ကြားနာစစ်ဆေးပွဲမှာ အခုလို ရှင်းလင်း တင်ပြခဲ့ပါတယ်။

“အာရှတိုက်အတွင်းမှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ဆောင်မှုတွေကို တွန်းလှန် တိုက်ထုတ်နေသလို အာဖဂန်နဲ့ ပါကစ္စတန် နိုင်ငံတို့ရဲ့ အစွန်းရောက် အကြမ်းဖက်မှု တိုက်ခိုက်ရေး အစီအစဉ်တွေမှာလည်း ပူးပေါင်း ပါဝင်နေပါတယ်။ နောက် အိန္ဒိယနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတို့ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေကို ကူညီ ဆောင်ရွက်ပေးနေပါတယ်။ တောင်တရုတ်ပြင်လယ်ပြင်အတွင်း ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အားပေးအားမြှောက်ပြုပေးနေပေမဲ့ အဲဒီ ဒေသတွင်းမှာ စစ်ရေးတည်ဆောက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အဲဒီ ရည်မှန်းချက်ကို အထောက်အကူမပြုဘဲ ဖြစ်နေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဝန်ကြီးကယ်ရီက အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး ဦးစားပေး လုပ်ငန်းတွေထဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ စတင် တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်းပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ် ဆက်လက် ပေါ်ထွန်းလာရေးနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ ရိုဟင်ဂျာ လူနဲစုတွေအပေါ် ရည်ရွယ်ပြုလုပ်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးတို့ အတွက်လည်း အမေရိကန် ပြည်ထောင်စုက ကြိုးစား ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဌာနရဲ့ အသုံးစားရိတ် တောင်းခံချက်မှာ ဝန်ကြီးကယ်ရီက ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၇ ခုနှစ်အတွက် တင်သွင်းတဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းဟာ အမေရိကန်အစိုးရ ဘတ်ဂျက်တခုလုံးရဲ့ ၁% သာ ဖြစ်တယ်လို့ ဝန်ကြီး ကယ်ရီက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြေင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘ၀ အခြေအနေတွေ တိုးတက် ကောင်းမွန်စေရေးတို့အတွက် အမေရိကန်ပြည်ထောင်စုက ၂၀၁၂ ခုနှစ်ကစလို့ ဒေါ်လာ သန်းပေါင်း ၅၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် - မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာမှုဆိုင်ရာ အကူအညီတွေ၊ IOM နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ကူညီကယ်ဆယ်ရေးအဖွဲ့က တောင်းဆိုလာတဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ်၊ ဆိုင်ကလုန်း ကိုမန်ဘေးဒဏ် ခံခဲ့ရသူတွေအတွက် အကူအညီပေးရေးနဲ့ တခြား လိုအပ်ချက်တွေအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ဒေါ်လာ ၆၂ သန်းကျော် အကူအညီပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ ထိုင်း-မြန်မာနယ်စပ်အပြင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်ရှိ ဒုက္ခသည်တွေကိုလည်း အရေးပေါ် အကူအညီတွေ အမေရိကန်ပြည်ထောင်စုက ဆက်လက် ပေးနေတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG