သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေးရာ လက်ထောက်ဝန်ကြီး မြန်မာခရီးစဉ်ရှင်းပြ


အမေရိကန်စီးပွားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez
အမေရိကန်စီးပွားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez
အမေရိကန် လျှပ်စစ်နဲ့ အဆင့်မြင့်ဆက်သွယ်ရေးလုပ်ငန်းေတွက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ တော်တော်လေး စိတ်ဝင်စားနေကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ကုန်သွယ်ရေးနဲ့ စီးပွားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ သွားရောက်ခဲ့တဲ့ မစ္စတာ Fernandez ကသူ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားတဲ့ သတင်းစာရှင်းပွဲမှာ ခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူထားတဲ့ ကိစ္စတွေနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ပွင်းလင်းမြင်သာမှု ပိုရှိလာအောင် အားပေးနိုင်တယ်ဆိုတဲ့ကိစ္စကို အဓိကထား ဆွေးနွေးခဲ့တာတယ် ဆိုတာကို သတင်းစာရှင်းပွဲမှာ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အစီအစဉ်နဲ့ ထိပ်တန်း အမေရိကန် ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေနဲ့အတူ အမေရိကန် နိုင်ငံခြားရေးဌာန ကုန်သွယ်ရေးနဲ့ စီးပွားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ၃ ရက်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်း သောကြာနေ့က ရှင်းလင်းပြောကြားခဲ့ပါတယ်။ သူ့ခရီးစဉ်အတွင်း အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အဓိက ရှင်းပြဆွေးနွေးခဲ့ရတယ်လို့ မစ္စတာ Fernandez ကခုလို ပြောခဲ့ပါတယ်။

“အချိန်တော်တော်များများက အရေးယူဒဏ်ခတ်မှုတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို
ပြောခဲ့ရပါတယ်။ မြန်မာနိုင်ငံက ဘဏ် ၄ ခုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို
လျှော့ပေ့ါပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကျနော် မြန်မာနိုင်ငံကို ရောက်သွားခဲ့တာပါ။ ဒါကြောင့် ကျနော်တို့က အရေးယူဒဏ်ခတ်မှုတွေကို ဘယ်လို သတ်မှတ်ချက်တွေထားပြီး ချဉ်းကပ် ဆောင်ရွက်တယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးလိုက်တာက ပြုပြင်ပြောင်းလဲမှု လုပ်တာတွေကို အားပေးလိုက်တာပဲဆိုတာတွေ၊ ပြုပြင်ပြောင်းလဲရေးသမားတွေကို မက်လုံးပေး ဆွဲဆောင်ဖို့နဲ့ မတူကွဲပြားတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအကျိုးအမြတ်တွေ ခံစားရအောင် ကျနော်တို့က ဘယ်လိုကြိုးစားနေသလဲဆိုတာကို ကျနော့် ခရီးစဉ်အတွင်းမှာ အဓိကပြောခဲ့ရပါတယ်။”

အမေရိကန် အစိုးရက မြန်မာနိုင်ငံပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို အလျင်အမြန် မဖယ်တာက မြန်မာနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကို အမေရိကန်က တဆင့်ချင်း
တုံ့ပြန်တာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ထိပ်တန်းအမေရိကန် ကုမ္ပဏီပေါင်း ၅၀
က ကိုယ်စားလှယ်တွေနဲ့ အတူ မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်အတွင်း
ကျင့်ဝတ်သိက္ခာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလုပ်နိုင်တယ် ဆိုတာကို
ပြောကြားတဲ့အခါတိုင်း အစိုးရအရာရှိတွေဘက်က အင်မတန် စိတ်ဝင်စားမှုကို
မြင်ရတယ်လို့ ကုန်သွယ်ရေးနဲ့ စီးပွားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး
Jose Fernandez ကဆိုပါတယ်။

“မြန်မာအစိုးရနဲ့ အမေရိကန် ကုမ္ပဏီတွေကို ကျနော် ပြောခဲ့တာတခုကတော့
ပိုပြီး ပွင်းလင်းမြင်သာမှုရှိဖို့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေက အားပေးနိုင်တယ်ဆိုတာပါ။ ကျနော်တို့ရဲ့ ကျင့်ဝတ်သိက္ခာရှိတဲ့ တာဝန်သိစီးပွားရေး အစီအစဉ်တွေက တခြားထက်ကို သာလွန်ကောင်းမွန်တယ်။ ကျနော်တို့အနေနဲ့ လူမှုအခြေပြုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့
အားပေးနိုင်တယ် ဆိုတာတွေကို ကျနော်ပြောခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို
မထိခိုက်အောင် ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်အောင် တာဝန်သိရင်နှီးမြှုပ်နှံမှုတွေ လုပ်နိုင်တဲ့အကြောင်းတွေကို ကျနော် ထပ်ကာ ထပ်ကာ ပြောဖြစ်ခဲ့ပါတယ်။ ရေရှည်ခံတာဝန်သိ စီးပွားရေးလုပ်ငန်းတွေ၊ ကျင့်ဝတ်သိက္ခာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ပြောတဲ့အခါတိုင်း
ဒီအကြောင်းတွေကို မြန်မာအစိုးရတာဝန်ရှိသူတွေ ပိုပြီး သိချင်တယ်ဆိုတာကို သူတို့ရဲ့ မျက်လုံးတွေမှာ မြင်ခဲ့ရပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့စဉ်မှာ အမေရိကန်က
မြန်မာနိုင်ငံအတွက် ဘယ်လို နည်းပညာပိုင်း အကူအညီတွေပေးနိုင်မလဲ၊ သဘာဝ သယံဇာတတွေ အလွန်ပေါများတဲ့ မြန်မာနိုင်ငံကို နိုင်ငံသားတွေ အကျိုးခံစားနိုင်မယ့် ဈေးကွက် စီးပွားရေး ကျင့်သုံးနိုင်အောင် ဘယ်လိုကူညီရမလဲဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
မစ္စတာ Fernandez နဲ့အတူ မြန်မာနိုင်ငံကိုသွားခဲ့ကြတဲ့ အမေရိကန် စီးပွားရေးကိုယ်စားလှယ်တွေ ထဲမှာ Google၊ Intel၊ HP စတဲ့ ထိပ်တန်း IT လုပ်ငန်းကြီးတွေက ကိုယ်စားလှယ်တွေလည်း ပါသွားပါတယ်။ အမေရိကန် IT နဲ့ အဆင့်မြင့်ဆက်သွယ်ရေး လုပ်ငန်းကြီးတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှကြဖို့ အတော်လေး စိတ်ဝင်စားနေကြတာကို တွေ့ရတယ်လိုလည်း ကုန်သွယ်ရေးနဲ့ စီးပွားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“ကျနော်တို့ အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စီးပွားရေး မလုပ်နိုင်ခဲ့တာ နှစ်ပေါင်း တော်တော်ကြာသွားခဲ့ပါပြီ။ သူတို့အနေနဲ့ ဘယ်လိုအခွင့်အလမ်းတွေ ရှိမလဲ ဆိုတာ ရှာဖွေတဲ့ တချိန်ထဲမှာ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို လေ့လာနေကြပါတယ်။ လျှပ်စစ်ဓါတ်အားပိုင်းဆိုင်ရာပိုင်း အဆင့်မြင့် ဆက်သွယ်ရေး Telecommunication ဆိုင်ရာပိုင်းမှာ အခွင့်အလမ်းတွေရှိတယ်လို့ သူတို့မြင်ကြပါတယ်။ မြန်မာနိုင်ငံကို သွားပြီးစီးပွားရေးလုပ်၊ ပိုက်ဆံတွေရပြီးတာနဲ့ ပြန်ထွက်ဆိုတာမျိုး မြန်မာနိုင်ငံမှာ လုပ်လို့ မရပါဘူး။ ဒီနိုင်ငံအပေါ်မှာ ကိုယ်က ဘယ်လောက် ကတိပေးပြီး လုပ်မယ်ဆိုတာ ပြဖို့လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုလိုလားလား ကူညီချင်စိတ် ရှိရပါမယ်။ ကျနော် တွေ့ရသလောက်တော့ IT ပိုင်း၊ လျှပ်စစ်ဓာတ်အားပိုင်းနဲ့ အဆင့်မြင့်ဆက်သွယ်ရေးပိုင်းတွေ က ကုမ္ပဏီတွေကတော့ တော်တော်ကြီးကို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားနေကြတာကို တွေ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ကုန်သွယ်ရေးနဲ့ စီးပွားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jose Fernandez ဦးဆောင်သွားတဲ့ အမေရိကန်ကုန်သည်ကြီးများအသင်းက ထိပ်တန်းကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ကြားမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
XS
SM
MD
LG