သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား အသုံးပြုမှုအတွက် မြန်မာကို အမေရိကန် ဒဏ်ခတ်


ကမ္ဘာတဝှမ်း ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှု ခံရတဲ့နိုင်ငံတွေစာရင်းထဲမှာ ဒီနှစ်ထဲ မြန်မာနိုင်ငံဟာလည်း ဆက်ပါဝင်နေပါတယ်။ ကလေးစစ်သား အသုံးပြုမှု ဟန့်တားရေးဥပဒေ CSPA အရ အခုလို အရေးယူဆောင်ရွက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

၂၀၀၈ ခုနှစ်က စတင်အတည်ပြုခဲ့တဲ့ ကလေးစစ်သားများ အသုံးပြုမှု ဟန့်တားရေး ဥပဒေအရ အမေရိကန်သမ္မတအနေနဲ့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား လွှတ်တော်ထံကို နှစ်စဉ်တင်သွင်းရတဲ့ အစီရင်ခံစာမှာ ဒီနှစ်လည်း ကမ္ဘာတဝှမ်း ကလေးစစ်သားများ အသုံးပြုတဲ့ ၉ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန ပြောခွင့်ရပုဂ္ဂိုလ် Dan Mahanty က မြန်မာနိုင်ငံကို ဆက်လက် ထည့်သွင်းရခြင်းနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ စစ်တပ်က ကလေးစစ်သားသုံးနေမှု ပပျောက်ရေးနဲ့ ပတ်သက်လို့ တိုးတက်မှုရရှိမယ့် ပေါ်လစီ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်နေသေးတာကို တွေ့ရပါတယ်။ မြန်မာစစ်တပ်နဲ့ တခြားနေရာတွေမှာ ကလေးစစ်သားတွေ စုဆောင်းနေတာ တွေ့ရပါတယ်။ တိုးတက်မှုတွေ ရရှိပေမဲ့ ခြုံကြည့်ရင်တော့ မြန်မာနိုင်ငံကို ဒီစာရင်းကနေ ပယ်ဖျက်ပေးနိုင်ဖို့ မဖြစ်နိုင်သေးတာ တွေ့ရပါတယ်။”

အခုလို ကလေးစစ်သား အသုံးပြုမှုနိုင်ငံ စာရင်းဝင်တွေအပေါ် အမေရိကန်ဥပဒေအရ စစ်ရေးအထောက်အကူနဲ့ စစ်ပစ္စည်းရောင်းဝယ်မှုတွေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံရတာဖြစ်ပါတယ်။ သမ္မတ အိုဘားမား အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ နိုင်ငံပေါင်း ၉ နိုင်ငံအနက် ရဝန်ဒါ၊ ဆိုမားလီးယားနဲ့ ယီမင်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ပေးထားပြီး အလယ်အာဖရိကနိုင်ငံနဲ့ ကွန်ဂိုနိုင်ငံအပြင် တောင်ဆူဒန်နိုင်ငံတို့ကိုတော့ တစိတ်တပိုင်းအားဖြင့် ကင်းလွတ်ခွင့် ပေးထားပါတယ်။

မြန်မာ၊ ဆီးရီးယားနဲ့ ဆူဒန်တို့ကိုတော့ စာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို တစိတ်တပိုင်းအားဖြင့် ကင်းလွတ်ခွင့် မပေးနိုင်ရတဲ့အကြောင်းကို မစ္စတာ Mahanty က -

“ကျနော်တို့အနေနဲ့ လုံခြုံရေး အထောက်အကူကို နိုင်ငံတွေကို ပေးတဲ့နေရာမှာ တချို့ကို ကလေးစစ်သားတွေ အသုံးပြုမှု ဥပဒေအရ ကန့်သတ်တာတွေ ရှိပါတယ်။ နိုင်ငံတနိုင်ငံအနေနဲ့ တိုးတက်မှု ရရှိထားတယ်လို့ ကျနော်တို့ သုံးသပ်ရင် တစိတ်တပိုင်း ကင်းလွတ်ခွင့်တွေပေးဖို့ စဉ်းစားထားပါတယ်။ ဒီနေရာမှာတော့ စိစစ်ပြီးတော့ မြန်မာနိုင်ငံကို မပေးနိုင်သေးဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”

မြန်မာအစိုးရအနေနဲ့ ကလေးစစ်သားများ အသုံးပြုမှု ပပျောက်ရေးအတွက် ၂၀၁၂ ခုက ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား သဘောတူညီမှုအရ ကလေးစစ်သားများ အသုံးပြုမှု ဟန့်တားရေးကို လုပ်ဆောင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြန်မာ့တပ်မတော်ကနေ ကလေးစစ်သား ၁၀၉ ဦးတို့ကို လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စီမံချက်အကောင်အထည် စတင်ဖော်ခဲ့ပြီးနောက်ပိုင်းမှာ စုစုပေါင်း ကလေးစစ်သား ၄၇၂ ဦးကို လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို တိုးတက်တဲ့ ခြေလှမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန်က ကြိုဆိုတဲ့အကြောင်း မစ္စတာ Mahanty က ပြောပါတယ်။

“ဒီခြေလှမ်းတွေက ကောင်းတဲ့ခြေလှမ်းတွေပါ။ ကျနော်တို့ ကြိုဆိုပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ ပြည်တွင်းမှာ ညှိနှိုင်းပြီးတော့ ကလေးစစ်သားတွေ အသုံးပြုမှုကို ဟန့်တားတဲ့စီမံချက်ကို လိုက်နာဖို့ ကြိုးပမ်းမှုတွေပါ။ မကြာသေးခင်က ကလေးစစ်သားတွေ ပြန်လွှတ်ပေးခဲ့တာလည်း ပါဝင်ပါတယ်။”

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုမှာ မြန်မာ့တပ်မတော်သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ DKBA, KNU, ကချင်လွတ်မြောက်ရေးတပ် KIA၊ ရှမ်း SSA တောင်ပိုင်းနဲ့ UWSA “ဝ” စသဖြင့်တို့လည်း ပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့် ကလေးစစ်သားများ အသုံးပြုမှု ပပျောက်ရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပြင် အမေရိကန်ပြည်ထောင်စုကလည်း မြန်မာအစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။

XS
SM
MD
LG