သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး စိုးရိမ်ချက်တွေ ဖြေရှင်းဖို့ ကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအတွက် အဆိုပြုတင်သွင်းထားတဲ့ ဥပဒေမူကြမ်းတွေအပေါ် စိုးရိမ်မကင်းဖြစ်မိပြီး၊ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး စိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း အမေရိကန်အာဏာပိုုင်တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်ဘက်က အခုလို ထောက်ပြ ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

လူနည်းစုဘာသာဝင်တွေ အပါအဝင် မတူကွဲပြားတဲ့ မြန်မာပြည်သူတွေအားလုံးရဲ့ အခွင့်အရေး တန်းတူ အကာအကွယ် ရစေဖို့အတွက် လိုအပ်ချက် ရှိတဲ့အကြောင်း သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေး Benjamin Rhodes က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ မနေ့တုန်းက တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာပါ။ ဒီအတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားရပ်တည်မှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရသူတွေရဲ့ စားဝတ်နေရေး တိုးတက်ကောင်းမွန်လာဖို့ အစိုးရအနေနဲ့ ကတိကဝတ်အတိုင်း အလျှင်အမြန် ဆောင်ရွက်ဖို့ လိုတယ်လို့လည်း Mr.Ben Rhodes က လွှတ်တော်နာယက သူရဦးရွှေမန်းကို ပြောခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သူရဦးရွှေမန်းဟာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့လည်း မနေ့တုန်းက တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး စိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတဲ့အချက်နဲ့၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ကိုင်တွယ်ခဲ့မှုတွေအတွက် ပွင့်လင်းလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဒု နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke က ပြောသွားပါတယ်။

“အခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်ပြီး အများလက်ခံယုံကြည်နိုင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အထောက်အပံ့ဖြစ်စေဖို့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အရေးပါတဲ့ ခေါင်းဆောင်တွေ အားလုံးအကြား အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေအကြောင်း ပြောဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အရေးကြီးတဲ့အကြောင်းလည်း ဆွေးနွေးဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်ရေးအတွက် ရည်မှန်းတဲ့ ဥပဒေမူကြမ်းလေးရပ်နဲ့ပတ်သက်လို့ စိုးရိမ်ကင်း ဖြစ်ရတဲ့အကြောင်းလည်း ဒုနိုင်ငံခြားရေးဝန်ကြီး Blinken က ပြောခဲ့ပါတယ်။ ယာယီနိုင်ငံသားမှတ်ပုံတင် White Card ကိုင်ဆောင်တွေရဲ့ အခြေအနေတွေအပေါ်မှာ စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စိန်ခေါ်ချက်တွေအပေါ် ခိုင်ခိုင်မာမာ အဖြေထုတ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြခဲ့သလို၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ကိစ္စအပေါ် လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။”

မျိုးစောင့်ဥပဒေကြမ်းတွေလို အသိများတဲ့ ဥပဒေမူကြမ်းလေးရပ် လွှတ်တော်မှာ ဆွေးနွေးကြစဉ်ကတည်းက ဒီဥပဒေကြမ်းတွေအပေါ် ပြည်တွင်းရော ပြည်ပက လူ့အခွင့်အရေးအဖွဲ့တွေ အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တိုးတက်မှုတွေ ရှိနေပေမဲ့ ဘာသာရေးဘက်မှာတော့ တင်းမာမှုတွေရှိနေပြီး၊ လူနည်းစု ဘာာသာဝင်တွေအတွက် အခက်ကြုံမှုတွေ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein ကလည်း ဗွီအိုအေကို ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အမေရိကန်တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ရှည်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ တိုးတက်မှုရနေတာကို အသိအမှတ်ပြုသလို၊ ဆက်ပြီးတော့လည်း နိုင်ငံရေး ဆွေးနွေးမှုတွေကတဆင့် တည်တံ့မယ့် ငြိမ်းချမ်းရေးရအောင်လုပ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes နဲ့ တွေ့ဆုံစဉ်မှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

XS
SM
MD
LG