သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ရဲ့အရေးယူမှုအားလုံး ရုပ်သိမ်းပေးဖို့ မြန်မာသမ္မတတိုက်တွန်းမည်


Myanmar President meets Burmese community at the Burma Embassy in Washington D.C. May 18, 2013
Myanmar President meets Burmese community at the Burma Embassy in Washington D.C. May 18, 2013
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို တရားဝင် အလည်အပတ်ခရီးအဖြစ် ရောက်ရှိလာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ ဘရက်အိုဘားမား အပါဝင် အမေရိကန်အစိုးရ အရာရှိတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေဟာ ဥပဒေကြောင်းအရ ကျန်နေသေးတဲ့အတွက်ကြောင့် ဆိုင်းငံ့ထားတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့၊ လုံးဝရုပ်သိမ်းဖို့အတွက် တိုက်တွန်းပြောဆိုမှာ ဖြစ်ကြောင်း ပြောဆိုလိုက် ပါတယ်။

စနေနေ့ညပိုင်း ဝါရှင်တန်ဒီစီက မြန်မာသံရုံးမှာ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံချိန်အတွင်း အခုလာခဲ့တဲ့ခရီးစဉ်မှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာတွေနဲ့ပတ်သက်ပြီး သမ္မတက ရှင်းလင်းပြရင်း ပြောဆို သွားတာဖြစ်ပါတယ်။ အပြည့်အစုံကို မမိုးဖြူက တင်ပြထားပါတယ်။

မြန်မာမိသားစုတွေနဲ့ ဝါရှင်တန်ဒီစီက မြန်မာသံရုံးမှာ တွေ့ဆုံချိန်အတွင်း တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် ပြည်ပမှာရောက်နေ တဲ့ မြန်မာမိသားစုတွေ အနေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ သမ္မတက တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လိုအပ်ချက်တွေ အများကြီး ရှိနေကြောင်းနဲ့ နှစ်ပေါင်းများစွာ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ ပဋိပက္ခတွေ အများကြီး ကြုံခဲ့ရတဲ့အတွက်ကြောင့် အဘက်ဘက်က နိမ့်ကျနေတဲ့ အခြေအနေတွေရှိနေဆဲပဲ လို့လည်း သမ္မတ ဦးသိန်းစိန်က အလေးအနက် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်တဲ့နေရာမှာ ပြည်သူ အများစုအတွက် ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ သမ္မတက အခုလိုပြောပါတယ်။

“ပြည်သူရွေးချယ်တဲ့အစိုးရ ဆိုတာဟာ ပြည်သူတွေ လိုအပ်တာကို လုပ်ပေးရမယ်။ အဲဒီတော့ ပြည်သူတွေ ဘာလိုသလဲ။ တူညီတဲ့ ဆန္ဒက နှစ်ခုပဲရှိတယ်။ တစ်ခုကဘာလဲဆိုတော့ တိုင်းပြည်မှာ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနဲ့ တရားဥပဒေ စိုးမိုးတဲ့တိုင်းပြည် ဖြစ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးစရကတည်းက နှစ်ပေါင်း ၆၀ ကျော်လောက် ဒီလက်နက်ကိုင် ပဋိပက္ခတွေနဲ့၊ ရန်ကုန်လိုမြို့မျိုးကတော့ သိပ်မသိသာဘူး။ နယ်စပ်ဒေသတွေမှာ ခါးစည်းခံခဲ့ကြရတယ်။ အဲဒီလို ပြည်တွင်းစစ်အတွင်းမှာ မိဘတွေသေကြ၊ အစ်ကိုတွေသေကြ၊ မောင်တွေသေကြ။ ခြေပြတ်လက်ပြတ်တွေဖြစ်။ အဲဒီလိုခါးသီးတဲ့ပြည်တွင်းစစ်ဒဏ်ကို မခံနိုင်ကြတော့ဘူး။ တိုင်းပြည် ကို အေးချမ်းတဲ့၊ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်စေချင်တာ ပြည်သူတွေ ရဲ့ဆန္ဒဖြစ်တယ်။ အဲဒီတော့ ဘယ်သူ့မေးမေး ခင်ဗျားတို့ ဆူဆူပူပူ ဖြစ်နေတာကြိုက်လားဆို ဘယ်သူမှ ကြိုက်တယ်လို့ဖြေမှာမဟုတ်ပါဘူး။”

အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ မြန်မာ အစိုးရ နှစ်ရပ်ကြားမှာ နားလည်မှုနဲ့၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အပြင် အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းစေဖို့ အတွက် ရည်ရွယ်ချက်တွေနဲ့ လာရောက်ခဲ့တယ်လို့လည်း ကြေညာခဲ့တာပါ။ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ယာယီပဲရုပ်သိမ်းပေးထားတာမို့၊ ဒီအရေးယူမှုတွေနဲ့ပတ်သက်ပြီး သံရုံးကတွေ့ဆုံပွဲမှာ သမ္မတက အခုလိုပြောကြားခဲ့ပါတယ်။

“ကျနော်တို့အတွက် မျှော်မှန်းချက်တွေလည်း မင်တို့ အများကြီးပေးထားတယ်။ တို့ လာပြီးတော့ စက်ရုံတွေ ဆောက်တော့မယ်။ လုပ်ငန်းတွေဆောက်တော့မယ် ဆိုတဲ့အချိန်မှာ ထွက်လာတဲ့ကုန်ပစ္စည်းတွေကို ရောင်းလို့ဝယ်လို့မရအောင် စီးပွားရေးအရ ပိတ်ဆို့ထားတော့ ဘယ်လိုမှ အလုပ်လုပ်လို့ မရနိုင်ဘူး။ ဘယ်သူမှလည်း လာမှာမဟုတ်ဘူး။ ဒါကို တဘက်က sanctions တွေလျော့အောင်ဆိုပြီးတော့ ကျနော်တို့ ကိုယ်တိုင် ထွက်ပြောတယ်။ နို့မဟုတ်ရင်တော့ အပြင်က မီဒီယာတွေပြောတဲ့ အထဲမှာ ကောင်းတာတွေပါပါတယ်။ မကောင်းတာတွေလည်း ပါတယ်။ ကိုယ့်နိုင်ငံနဲ့ပတ်သက်လို့ မှန်တာတွေလည်း ပါတယ်၊ မမှန်တာတွေလည်း ပါတယ်။ အဲဒီတော့ ကျနော်တို့ကျတော့ နဖူးတွေ့ဒူးတွေ့ မျက်နှာချင်းဆိုင်တွေ့ကြတော့ ဒီတိုင်းပြည်မှာ တာဝန်ရှိတဲ့သူ တစ်ယောက်က ပြောတယ်ပြုတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် မီဒီယာနဲ့စာရင်တော့၊ မမြင်ရတဲ့သူရေးတာနဲ့စာရင်တော့ ပိုယုံတာပေါ့လေ။”

မြန်မာသမ္မတ အနေနဲ့ အခုလို ကိုယ်တိုင်လာပြီးတော့၊ တွေ့ဆုံပြီး ရှင်းပြ ပြောဆိုမယ်ဆိုရင် အမေရိကန်ပြည်ထောင်စု ဘက်က လက်ခံနိုင်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ပြောဆိုသွားတာပါ။

သမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ ဝါရှင်တန်က သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ညနေမှာတော့ ဗွီအိုအေမှာပြုလုပ်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး စတဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံပွဲကို တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG