သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်မည်


အမေရိကန် စီးပွားရေးနဲ့ ကုန်သွယ်ရေး လက်ထောက်ဝန်ကြီး ဟိုဆေး ဖာနန်ဒဇ် အမေရိကန်-မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး ညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် (D. Schearf/VOA)
အမေရိကန် စီးပွားရေးနဲ့ ကုန်သွယ်ရေး လက်ထောက်ဝန်ကြီး ဟိုဆေး ဖာနန်ဒဇ် အမေရိကန်-မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး ညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် (D. Schearf/VOA)
အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ ပုံမှန် ပြန်လည် ဆက်ဆံနိုင်ခဲ့ပြီးတော့ မြန်မာပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလန်းတွေ ဖန်တီးပေးနိုင်တဲ့ သဘာ၀ အရင်းအမြစ်တွေ ထုတ်လုပ်ရာမှာ ပွင့်လင်းမြင်သာမှု ရှိစေမယ့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ အကောင်အထည် ဖော်ကြဖို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူ တဦးက တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာတဝှမ်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှုမှာ နာမည်ကောင်း ထွက်နေတဲ့ Caterpillar, Microsoft စတဲ့ အမေရိကန် ကော်ပိုရေးရှင်းကြီးတွေနဲ့ ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အလားအလာတွေကို စိတ်ဝင်တစား လေ့လာနေကြတာ ဖြစ်တယ်လို့ အမေရိကန် စီးပွားရေးနဲ့ ကုန်သွယ်ရေး လက်ထောက်ဝန်ကြီး ဟိုဆေး ဖာနန်ဒဇ် (Jose Frenandez) က ဒီကနေ့ တနင်္လာနေ့မှာ တိုက်တွန်းလိုက်တာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာခရီး ရောက်ရှိနေတဲ့ စီးပွားရေးနဲ့ ကော်ပိုရေးရှင်း လုပ်ငန်းများဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်ဒဇ် (Jose Frenandez) က မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းမှာ တနင်္လာနေ့က ကျင်းပတဲ့ အမေရိကန်-မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး ညီလာခံမှာ အခုလို
ပြောဆိုလိုက်တာပါ။

“အမေရိကန် ကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာလူထုအတွက် အကျိုးကျေးဇူး အများကြီး ဖြစ်ထွန်းစေနိုင်ပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်။ လူနေမှုဘ၀ မြင့်မား
စေနိုင်တယ်။ အရင်းအမြစ်တွေကို ကျင့်ဝတ်နဲ့အညီ အသုံးချလာနိုင်မယ်။ ဒီနိုင်ငံရဲ့ ပေါကြွယ်လှတဲ့ သဘာ၀ အရင်းအမြစ်တွေကို ရေရှည် တည်တံ့မယ့် ဖွံ့ဖြိုးမှုတွေအတွက် အသုံးချနိုင်အောင် အားပေးကူညီရာ ရောက်ပါတယ်။”

မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကတော့ အမေရိကန်-မြန်မာ ပုံမှန် ပြန်လည် ဆက်ဆံနိုင်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအရ ဆက်ဆံရေး တိုးမြှင့်လာနိုင်တာဟာ ဆင်းရဲတဲ့ မြန်မာပြည်သူ လူထုအတွက် အကျိုးရှိစေနိုင်တယ် လို့ အခုလို သုံးသပ်လိုက်ပါတယ်။

“သူတို့တွေ လာ ရင်းနှီးကြမယ်ဆိုရင် ကျနော်တို့ လူတွေ နည်းပညာတွေ ရမယ်။ အလုပ်အကိုင်တွေ ရမယ်။ ဝင်ငွေတွေ ပိုတိုးမယ်ဆိုရင် ဒေါ်ခင်စိုးဝင်း သိတဲ့အတိုင်းပဲလေ ကျနော်တို့ လူတွေ ပျော်လာ မှာပေါ့။ အခု ကျနော်တို့ လူတွေက ဒေသမှာ အလုပ်အကိုင်တွေလည်း မရှိကြဘူး။ ဆင်းရဲကြတယ်။ သူများ နိုင်ငံမှာ အလုပ်ထွက်လုပ်ရတယ်။ ဒီအခက်အခဲတွေ ဒေါ်ခင်စိုးဝင်းတို့ သိတာပဲ။”

UMFCCI မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းအောင်ကတော့ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပတ်သက်လို့ အမေရိကန် ကုမ္ပဏီကြီးတွေရဲ့ ပူးပေါင်းမှု လိုအပ်တဲ့အကြောင်း အခုလို ပြောဆိုပါတယ်။

“သိပ္ပံနဲ့ နည်းပညာတွေကို အပူတပြင်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေး စွမ်းရည်၊ စီမံကွပ်ကွဲမှု ကျွမ်းကျင်မှုနဲ့ ဈေးကွက်တွေ လက်လှမ်းမီအောင် လုပ်ဖို့ လိုပါတယ်လို့ ဆိုပါတယ်။ အမေရိကန် ကုမ္ပဏီတွေဆီကနေ အကူအညီတွေ အများကြီး လိုတယ်လို့ ပြောဆိုသွားတာပါ။”

ကမ္ဘာတဝှမ်းမှာ ဒေသခံ လူထု အကျိုးအတွက် ကျင့်ဝတ်နဲ့အညီ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုမှာ နာမည်ကောင်းရနေတဲ့ ဆောက်လုပ်ရေး ယန္တရားကြီးတွေ ထုတ်လုပ်တဲ့ အမေရိကန် Caterpillar ကုမ္ပဏီရဲ့ အကြီးတန်းတာဝန်ရှိ ပုဂ္ဂိုလ် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထူး ကျွမ်းကျင်သူ ဒါရန် ဘရုစ် (Darren Brooks) ကတော့ အခုလို ဆိုပါတယ်

“မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းထဲ ဝင်ဆန့်လာအောင် ကူညီဖို့ ကျနော်တို့ အရောက်လာခဲ့ တာပါ။ Caterpillar ကုမ္ပဏီအနေနဲ့ အခြေခံ အဆောက်အဦး လိုအပ်ချက်တွေအတွက် အရည်အသွေးရှိတဲ့ စက်ယန္တရားကြီးတွေနဲ့ အကူအညီ ပေးနိုင်သလို၊ ဒေသခံတွေရဲ့ အကျိုး အတွက်ကိုလည်း တတ်အားသ၍ ကူညီပေးနေတာ ဖြစ်တယ်လု့ိ ပြောဆိုသွားတာဖြစ်ပါတယ်။”

MetLife၊ Fedex၊ Chevron၊ GE၊ Target စတဲ့ ထိပ်တန်း အမေရိကန် ကုမ္ပဏီကြီးတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့ဝင် ၅၀ ကျော်ထဲမှာ Microsoft ကုမ္ပဏီရဲ့ ကိုယ်စားလှယ်လည်း ပါဝင်ပါတယ်။

ကမ္ဘာ့ဦးဆောင် ဆော့ဖ်ဝဲ ကုမ္ပဏီကြီးဖြစ်တဲ့ Microsoft အနေနဲ့ မြန်မာပြည်မှာ လုပ်ငန်းတွေ လုပ်ဖို့ သဘောတူညီချက်တွေ လက်မှတ် ရေးထိုးနိုင်ပါပြီလားဆိုတဲ့ အမေးကိုတော့ Microsoft ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး အန်ဒရူး ဟော့ဂျက် (Andrew Hodges) က အခုလို ဖြေပါတယ်။

“ဒီအချိန်မှာတော့ အကြီးအကျယ် သဘောတူညီမှုတွေ၊ လက်မှတ်ရေးထိုးမှုတွေ မရှိသေးပါဘူး။ Microsoft ကုမ္ပဏီဟာ ကျယ်ပြောလှတဲ့ အစီအစဉ်တွေ အများကြီး ရှိပါတယ်။ မြန်မာပြည်မှာ
ဈေးကွက်အသစ် ရှာဖွေဖို့ စူးစမ်းလေ့လာနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ မြန်မာပြည်အတွက် Microsoft ရဲ့ ဘယ်အစီအစဉ်က အံ့ဝင် ဂွင်ကျဖြစ်မလဲဆိုတာကို လေ့လာ စူးစမ်းနေတာပါ။”

အမေရိကန် ကုန်သည်ကြီးများအသင်း ဒုဥက္ကဌ တာမီ အိုဗာဘီ နဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်ကြီးများအသင်း ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေး တို့ကတော့ နည်းပညာ ပူးပေါင်း ဖလှယ်ရေးကအစ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု အဆုံး ပူးပေါင်းဆောင်ရွက် ကြရေး နားလည်မှု စာချွန်လွှာကို ဒီညီလာခံမှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒီလို လက်မှတ်ရေးထိုးကြရာမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဖာနန်းဒဇ် (Jose Frenandez) နဲ့ UMFCCI မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းအောင်တို့က သက်သေအဖြစ် ပါဝင်ခဲ့ကြပါတယ်။
XS
SM
MD
LG