သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ကုန်သွယ်မှု အထူးအခွင့်အရေးပေးဖို့ အမေရိကန်စဉ်းစား


မြန်မာနိုင်ငံကို အမေရိကန် ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိတဦး သွားရောက်နေချိန်မှာပဲ မြန်မာနိုင်ငံက ကုန်တင်ပို့မှုတွေအပေါ် လျှော့ပေါ့ပေးသင့် မသင့် အမေရိကန်က စဉ်းစားနေပါတယ်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Demetrios Marantis ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မတိုင်မီမှာပဲ ကုန်သွယ်မှုတွေမှာ အထူး အခွင့်အရေးပေးမယ့် Generalized System of Preferences အစီအစဉ်ကို အမေရိကန် ကုန်သွယ်ရေးရုံးက ပြန်လည် သုံးသပ်နေတာပါ။

လတ်တလောမှာတော့ နိုင်ငံပေါင်း ၁၂၈ နိုင်ငံ တင်ပို့နေတဲ့ ကုန်ပစ္စည်းအမျိုးပေါင်း ၅ ထောင်လောက်ကို အမေရိကန်က အခွန် ကင်းလွတ်ခွင့် ပြုထားတာဖြစ်ပြီး
မြန်မာနိုင်ငံကိုပါ လက်ခံလိုက်မယ် ဆိုရင်တော့ အလားတူ မြန်မာပြည်ထွက် ကုန်ပစ္စည်း အမျိုးပေါင်း ထောင်ချီပြီး အခွန်လွတ် တင်သွင်းခွင့် ရရှိနိုင်မှာပါ။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံတဲ့ မူဝါဒတွေရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ကုန်သွယ်မှု အခွင့်အရေးပေးမယ့် အစီအစဉ်တွေကိုတော့ ၂ နိုင်ငံ အစိုးရတွေက စိတ်ဝင်တစားရှိနေတဲ့အကြောင်းလည်း အမေရိကန် ကုန်သွယ်ရေးရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီအစီအစဉ်ကနေ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလန်းတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားကြတာပါ။ ဒီကနေ့ရောက်လာတဲ့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Marantis ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း
နေပြည်တော်နဲ့ ရန်ကုန်မြို့တွေကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ စီးပွားရေး အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံချိန်မှာ ဒီကိစ္စကို ဆွေးနွေးဖြစ်မယ်လို့လည်း
မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတဲ့အတွက် အမေရိကန် ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်တဲ့အနေနဲ့ မြန်မာနိုင်ငံ က ပို့ကုန်တွေ တင်သွင်းခွင့် တားမြစ်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မတိုင်မီအထိ ဆိုရင်တော့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနဲ့ တခြားကုန်ပစ္စည်း ဒေါ်လာ ၂၇၅ သန်းဖိုး တင်သွင်းနေခဲ့တာပါ။

မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အပေါ် အမေရိကန်က တုန့်ပြန်တဲ့အနေနဲ့ ဒဏ်ခတ်မှုတွေကို ပြီးခဲ့တဲ့နှစ်ကစလို့ ဆိုင်းငံ့ပေးလိုက်ပြီးနောက် ကုန်သွယ်မှုတွေ ပြန်လုပ်လာရာမှာတော့ မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့မှု ပမာဏဟာ ဇန်နဝါရီလမှာ ဒေါ်လာ တသိန်း၊ ဖေဖော်ဝါရီလမှာ ဒေါ်လာ ၂ သိန်း အထိ ရှိခဲ့တယ်လို့လည်း တရားဝင်ကိန်းဂဏန်းတွေက ဖော်ပြကြပါတယ်။
XS
SM
MD
LG