သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးလုပ်ငန်း အားဖြည့်ပေးဖို့ အမေရိကန်ကြိုးပမ်း


အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin (Photo: U. S. Department of State: Economic & Business Affairs)
အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin (Photo: U. S. Department of State: Economic & Business Affairs)

အမေရိကန် အာဆီယံ ထိပ်သီး စီးပွားရေးညီလာခံကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ နေပြည်တော်ကို ရောက်နေပါတယ်။

လက်ထောက်ဝန်ကြီး Rivkin က ရန်ကုန်မြို့ကိုလည်း သွားရောက်မှာဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမယ့်အပြင် အမေရိကန် ကုမ္ပဏီကြီးတခုက ဖွင့်ထားတဲ့ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပို့ချတဲ့နေရာကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

၄၆ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးပွဲ ကျင်းပနေချိန်မှာ စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ အမေရိကန် အာဆီယံ စီးပွားရေး ထိပ်သီးညီလာခံကို တက်ရောက်ဖို့ သြဂုတ်လ ၂၇ ရက်က နေပြည်တော်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ နေပြည်တော်ကို ရောက်ရှိစဉ် သူဟာ အာဆီယံစီးပွားရေးကောင်စီအပြင် အမေရိကန် မြန်မာ ကုန်သည်ကြီးများအသင်း ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin ဟာ သြဂုတ်လ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာတော့ ရန်ကုန်မြို့ကို သွားရောက်မှာဖြစ်ပါတယ်။ အဲ့ဒီမှာ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် အမျိုးသမီးစွမ်းဆောင် ပညာရှင်တွေနဲ့ တွေ့ဆုံပြီး သူတို့ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို အမေရိကန်ဘက်က ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲဆိုတာကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းရေးရာဌာန ပြောခွင့်ရပုဂ္ဂိုလ် Kerry Humphrey က -

“ဒီခရီးစဉ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းကတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Rivkin အနေနဲ့ သူ့အစီအစဉ်အရ စီးပွားရေးခေါင်းဆောင်တွေအပြင် အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင် ၈ ဦးတို့နဲ့လည်း အလွတ်သဘော ဆွေးနွေးဖို့ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဈေး ကွက်ဖွင့်ပြီးတဲ့နောက် အခုအချိန်မှာ စီးပွားရေးစွမ်းဆောင် ပညာရှင်တွေအနေနဲ့ သူတို့ရင်ဆိုင်နေကြရတဲ့ အကဲစမ်းမှုတွေကို ဝန်ကြီးအနေနဲ့ သိခွင့်ရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ကိုင်နေရတဲ့ ပတ်ဝန်းကျင်အနေအထား အထူးသဖြင့် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သိခွင့်ရမှာဖြစ်ပြီး အမေရိကန်အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဘယ်ပုံဘယ်နည်း အကူအညီပေးနိုင်မလဲဆိုတာကို ဝန်ကြီးအနေနဲ့ မေးမြန်းမှာဖြစ်ပါတယ်” လို့ ပြောခွင့်ရပုဂ္ဂိုလ် မစ် Humphrey က ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို စတင် ရုပ်သိမ်းပေးခဲ့ပြီးတဲ့နောက် လာရောက် ရင်းနှီးမြှုပ်နှံတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေ ရှိတဲ့အနက် Caterpillar ကုမ္ပဏီကြီးလည်း ပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီကြီးဟာ မြန်မာလူငယ်တွေကို အသက်မွေးဝမ်းကျောင်း ပို့ချနေတဲ့နေရာကိုလည်း လက်ထောက်ဝန်ကြီး Rivkin အနေနဲ့ သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ မစ် Humphrey က ပြောပါတယ်။

“သူသွားမယ့်နေရာကတော့ သင်တန်းပို့ချမယ့်နေရာဖြစ်ပါတယ်။ Caterpillar ကုမ္ပဏီကြီးရဲ့ အထောက်အပံ့နဲ့ MSP ခေါ် မြန်ရွှေပြည် Tractors နဲ့ တွဲဘက်လုပ်ဆောင်တာ ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ငွေကြေးချို့တဲ့လို့ တက္ကသိုလ်ကျောင်း မတက်နိုင်ကြတဲ့ အထက်တန်းကျောင်းသားတွေကို စက်မှုနည်းပညာ အလုပ်သင် သင်တန်း ပို့ချနေတာဖြစ်ပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီသင်တန်းကို သွားရောက်မှာဖြစ်ပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့အပြင် Caterpillar တာဝန်ခံတွေက ပြောဆိုချက်တွေကိုလည်း နားထောင်မှာဖြစ်ပါတယ်။ အခုလို သင်တန်းတွေပေးခြင်းအားဖြင့် သာမန် မြန်မာနိုင်ငံသားတွေရဲ့ ဘဝတိုးတက်ရေးအတွက် အထောက်အကူပေးရာ ရောက်စေမယ့်အပြင် စီးပွားရေးကော်ပိုရေးရှင်းကြီးတွေအနေနဲ့ ဘယ်လို ကျင့်ဝတ်သိက္ခာပိုင်းနဲ့အညီ တာဝန်သိသိ လုပ်ဆောင်ရမယ်ဆိုတာကိုလည်း နိုးကြားမှုရှိစေပါတယ်” လို့ မစ် Humphrey က ပြောသွားတာဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin ရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရာမှာလည်း အထောက်အကူပြုစေတယ်လို့ မစ် Humphrey က ပြောပါတယ်။

“ဒီခရီးစဉ်ရဲ့ အရေးပါမှုကတော့ သမ္မတ အိုဘားမားပြောခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အာရှနဲ့ ပစိဖိတ်ဒေသနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အာရှမှာ အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှု ပြန်လည် ချိန်ကိုက်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Kerry ကလည်း ဒါကို အထူးဦးစားပေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်” လို့ Humphrey က ပြောသွားတာဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin အနေနဲ့ မြန်မာနိုင်ငံအပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအရေး ဆွေးနွေးဖို့ စင်္ကာပူ၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန်ထိပ်တန်းအရာရှိတွေရဲ့ ခရီးစဉ်တွေနဲ့ပတ်သက်လို့ နောက်ဆုံး ဖြစ် ထွန်းတိုးတက်မှု တရပ်ကတော့ အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု APEC ရဲ့ အမေရိကန် ထိပ်တန်းအရာရှိတဦး အဆိုအရ သမ္မတ အိုဘားမားအနေနဲ့ နိုဝင်ဘာလကျင်းပမယ့် EAS ခေါ် အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG