သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ တက်သစ်စလူငယ်ခေါင်းဆောင်ဆုရှင် ၁၀ ဦးထဲ မြန်မာပါဝင်


အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ တက်သစ်စလူငယ် ခေါင်းဆောင် ဆုပေးပွဲအခမ်းအနား ဒီနှစ်အတွက် လူမှုရေးအပြောင်းအလဲကို အပြုသဘောဆောင် ဖန်တီးကြိုးပမ်းမှုတွေအတွက် ကမ္ဘာတဝှမ်းက လူငယ် ၁၀ ဦးကို ဂုဏ်ပြုမှာဖြစ်ပါတယ်။

အဲဒီထဲမှာ မြန်မာလူငယ်အမျိုးသမီး သဉ္ဇာရွှန်းလဲ့ရည်လည်း ပါဝင်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။

ကမ္ဘာတဝှမ်းမှာ လူမှုရေးအပြောင်းအလဲကို အပြုသဘောဆန်စွာ ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်မှုတွေအတွက် အမေရိကန် နိုင်ငံခြားရေးဌာနက ဒါဟာ ပထမဦးဆုံး အကြိမ်အဖြစ် ချီးမြှင့်တဲ့ဆုလည်းဖြစ်ပါတယ်။ ဆုရှင် ၁၀ ဦးတို့ရဲ့အမည်ကို ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား နိုင်ငံတကာ တက်သစ်စလူငယ် ခေါင်းဆောင် ဆုရှင်တွေအနက် ထူးခြားချက်တခုကတော့ မြန်မာနိုင်ငံက အမျိုးသမီး လူငယ်ဆုရှင်တဦး ပါဝင်နေတာပဲ ဖြစ်ပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်ကတော့ အမျိုးသားလူငယ်ကွန်ဂရက်နဲ့ ရန်ကုန်လူငယ်ကွန်ယက်တို့ကို ညှိနှိုင်းဆောင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။

“အဓိက ကျမတို့ National Youth Congress လို့ပြောတဲ့ အမျိုးသား လူငယ် ကွန်ဂရက်က ၂၀၁၂ ခုနှစ်မှာ လုပ်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပကြတဲ့ လူငယ်တွေထဲမှာလည်း ကျမ တယောက်အပါအဝင်ဖြစ်တယ်။ အဲဒီကနေတဆင့် ကျမတို့ အမျိုးသားလူငယ်ကွန်ဂရက်ဆိုပြီး တည်ထောင်ပြီးတော့ နိုင်ငံတဝှမ်းမှာရှိနေကြတဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိုရမ်တွေကို ဦးဆောင်ကျင်းပကြတဲ့ ကွန်ယက်ဖြစ်ပါတယ်။ ရန်ကုန်မှာဆိုလည်း ရန်ကုန်လူငယ်ဖိုရမ် ပထမဦးဆုံးအကြိမ်ကို ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာလည်း အာဆီယံလူငယ်ဖိုရမ်ကို National Youth Congress အနေနဲ့ ကျမတို့ ဦးဆောင် စီစဉ်ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် UN ရဲ့ အထိမ်းအမှတ်နေ့တွေဖြစ်တဲ့ နိုင်ငံတကာ လူငယ်များနေ့တွေမှာလည်း ကျမတို့ နိုင်ငံနဲ့တဝှမ်းမှာ လူငယ်ပွဲတွေ ဖြစ်မြောက်လာဖို့အတွက်ကို ကျမတို့အားလုံး စုစည်းပြီးတော့ ကြိုးပမ်းကြတယ်။ ရန်ကုန်မှာဆိုလည်း ရန်ကုန်လူငယ်ပွဲတော်နဲ့ လူငယ်အဖွဲ့အစည်းပွဲပြပွဲ ဆိုပြီးတော့ ၂၀၁၄ ခုနှစ်က စတင်ပြီးတော့ ကျမတို့ UN အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ လုပ်ခဲ့တာတွေရှိပါတယ်။ ဒါ့အပြင် ကျမက my friend campaign ရဲ့ coordinator တယောက်လည်းဖြစ်ပါတယ်။ my friend campaign ကတော့ လူငယ်တွေကြားထဲမှာရှိနေတဲ့ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီးတော့ သူငယ်ချင်းအချင်းချင်းကြားထဲက ချစ်ခင်ရင်းနှီးမှုတွေကို အဓိက ဖော်ထုတ်ရတဲ့ campaign ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သံအမတ်ရဲ့ လူငယ်အတိုင်ပင်ခံ အဖွဲ့မှာလည်း ကျမက အဖွဲ့ဝင်တဦး ဖြစ်ပါတယ်ရှင်။”

မေး - အဲတော့ အခုလိုပေါ့နော် နိုင်ငံတကာ တက်သစ်စ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ခြင်းခံရတဲ့အပေါ်မှာရော ကိုယ်ပြန်သွားတဲ့အခါမှာ ကိုယ့်မြန်မာနိုင်ငံက လူငယ်တွေအတွက် ဘာတွေ သယ်ဆောင်သွားမလဲရှင့်။

ဖြေ - “ဒီဆုကို ရတဲ့အခါမှာ ကျမအနေနဲ့ ဝမ်းသာတာက လှုပ်ရှားမှုပေါ့နော် အခက်အခဲတွေကြားထဲ လုပ်ခဲ့ရတာတွေလည်း ရှိတယ်။ မဆုတ်မနစ်နဲ့ ဆက်တိုက် စိန်ခေါ်မှုတွေကြားထဲက လုပ်ခဲ့ရတာတွေလည်းရှိတယ်။ ဒါတွေကို အသိအမှတ်ပြုခံရတဲ့အတွက်ကြောင့်မို့ အမေရိကန်ပြည်ထောင်စုက ဒီလိုမျိုးဆုကို ချီးမြှင့်ပေးတဲ့အတွက် အများကြီး ဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။ တချိန်တည်းမှာလည်း အခု အမေရိကန်ပြည်ထောင်စုမှာ ကျမတို့ လာပြီးတော့ ဆုရတဲ့ လူငယ်အချင်းချင်း ဆွေးနွေးမှုတွေ လုပ်ရတယ်။ နောက် အသိပညာတွေ ဖလှယ်ရတဲ့အခါမှာ ကိုယ်နဲ့ သက်တူရွယ်တူတွေက တခြားလူငယ်တွေက သူတို့နိုင်ငံတွေမှာရော ဒီလို အခက်အခဲတွေကြားထဲက လှုပ်ရှားမှုတွေ လုပ်ကြသလဲဆိုတဲ့ အဓိကက စိတ်ခွန်အားရပါတယ်။ စိတ်ခွန်အားတွေက ကျမအတွက် အများကြီး ရှေ့ဆက် လှုပ်ရှားမှုတွေ လုပ်ဖို့အတွက် တွန်းအားတွေပေးတယ်။ ဒါ့အပြင် လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဒါတွေကလည်း ဒီ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုတွေ ရခဲ့တယ်။ နောက် အမေရိကန်လွှတ်တော်တွေကိုလည်း သွားရောက် လေ့လာပြီးတော့ အကြံပြုတာတွေကိုလည်း လုပ်ခဲ့ရတယ်။ ဒါတွေက နောက်ပိုင်းတွေ လူငယ်တွေရဲ့ ပါဝင်မှု၊ မြန်မာနိုင်ငံက လူငယ်တွေကိုလည်း နိုင်ငံတကာစင်မြင့်မှာ ထပ်မံ တွေ့ရှိရဖို့အတွက်ကို အခွင့်အလမ်းကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

တခြားဆုရှင်တွေကတော့ ငြိမ်းချမ်းစွာ အမြင်ခြင်းဖလှယ်နိုင်ဖို့ လူငယ်တွေအတွက် စကားရည်လုပွဲတွေ ကျင်းပပေးတဲ့အဖွဲ့ကို မ တည်ခဲ့သူ ပါလက်စတိုင်းသားတဦး၊ အောက်ခြေလူတန်းစားအတွက် ပညာရေးစီမံကိန်းတွေကို ဦးစားပေးလုပ်ခဲ့တဲ့ မော်လ်တာက အမျိုးသမီးငယ်တဦးအပြင် ဟွန်ဒူးရတ်စ်နိုင်ငံမှာ ကမ္ဘာ့လူသတ်မြို့တော်လို့ နာမည်ကြီးတဲ့ သူ့ရဲ့မြို့ခံတွေ လူဆိုးဂိုဏ်းဝင်ဖြစ်ရာက သေနတ်ပစ်ခံခဲ့ရပြီး စိတ်ပြောင်းကာ လူငယ်တွေ ရာဇဝတ်မှုနဲ့ ကင်းအောင် လှုပ်ရှားလုပ်ကိုင်ပေးနေတဲ့ ဟွန်ဒူးရတ်စ် လူငယ်တဦးတို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် မတူကွဲပြားတဲ့ ကိုးကွယ်တဲ့ ဘာသာတွေကြား ရင်းနှီးမှုတွေရရှိဖို့ ဆောင်ရွက်ခဲ့တဲ့ ပြင်သစ်က လူငယ်တဦး၊ ကင်ညာမှာ တိုင်းရင်းလူမျိုးစုတွေကြား ပြန်လည်ရင်ကြားစေ့ရေးအတွက် ထောက်ခံအားပေးခဲ့သူ ကင်ညာနိုင်ငံသားတဦးနဲ့ အာဖဂန်နစ္စတန်ကနေ လူငယ်တွေ စွန့်ခွာထွက်မသွားရလေအောင် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ကိုင်ပေးနေတဲ့ အာဖဂန်လူငယ်တဦးအပြင် တူနီးရှားမှာ အမျိုးသမီးနဲ့ လူငယ်တွေတို့အတွက် ဆောင်ရွက်ပေးနေသူတဦးနဲ့ ဂျော်ဂျီယာက ခေတ်မီနည်းပညာသုံးပြီး ပြန်လည် ရင်ကြားစေ့ရေး တိုးတက်မှုအတွက် ကြိုးပမ်းနေသူတဦးအပြင် အင်ဒိုနီးရှားက လူငယ်တဦးကတော့ သူ့ဇာတိမှာ ၁၀ နှစ်ကြာ ဘာသာရေးအကြမ်းဖက်မှု ရင်ဆိုင်ရပြီးတဲ့နောက် လူငယ်တွေအနေနဲ့ မတူကွဲပြားတဲ့ ဘာသာတွေကြား နားလည်မှု ရရှိစေဖို့ ကြိုးပမ်းပေးခဲ့တဲ့ လူငယ်တဦးတို့ ပါဝင်ကြတာဖြစ်ပါတယ်။

ဆုပေးပွဲ အခမ်းအနားကိုတော့ ဝါရှင်တန်စံတော်ချိန် ဧပြီလ ၂၀ ရက် ဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီမှာ ကျင်းပမှာဖြစ်ပြီး၊ ဆုရှင်တွေအနေနဲ့ ဆုပေးပွဲအခမ်းအနားအပြီးမှာ အမေရိကန်ပြည်ထောင်စုမှာ မေလ စောစောပိုင်းအထိ ခေါင်းဆောင်ပိုင်းလေ့ကျင့်မှု အစီအစဉ်တွေကို လေ့လာဆည်းပူးနိုင်ဖို့အတွက် အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ သွားရောက်လေ့လာမှာဖြစ်ပြီး၊ သူတို့ရဲ့ လုပ်ဆောင်နိုင်မှု တိုးမြှင့်နိုင်ရေးအတွက်လည်း နည်းလမ်းအထောက်အကူတွေကို တိုးချဲ့နိုင်ဖို့ ကြိုးပမ်းသွားကြမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG