သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လူထု ဆက်ဆံရေး ဒုဝန်ကြီး မြန်မာပြည် သွားမည်


လူထုဆက်ဆံရေးဆိုင်ရာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Richard Stengel
လူထုဆက်ဆံရေးဆိုင်ရာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Richard Stengel
လူထုဆက်ဆံရေးဆိုင်ရာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Richard Stengel ဟာ မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး Stengel ဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဧပြီလ ၂၈ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး၊ အဲဒီနေ့မှာပဲ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ စွန့်ဦးတည်ထွင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီလ ၂၉ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ပြီး၊ မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလဆန်းပိုင်းတုန်းကလည်း အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် စတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအကြောင်း မေးမြန်းဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင် မစ္စတာ Strengel ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို သွားရောက်ပြီး အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲမှာ တက်ရောက် အမှာစကားပြောကြားမှာ ဖြစ် ပါတယ်။

အဲဒီနောက် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်အစိုးရရဲ့အစီအစဉ်အရ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးတွေကနေ ရွေးချယ်ထားတဲ့ လူငယ်ပေါင်း ၁၀၀ ကျော် တက်ရောက်မယ့် Ideas to Action အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက် အမှာစကားပြောကြားဖို့ စီစဉ်ထားပါတယ်။

အဲဒီအခန်းအနားမှာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်တွေ၊ အာဆီယံနိုင်ငံတွေက သံအမတ်ကြီးတွေ၊ ဒေသတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
XS
SM
MD
LG