သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို


ፕረዝደንት ባራክ ኦባማ ንዳኛ መሪክ ጋርላንድ ዳኛ ላዕለዋይ ቤት ፍርዲ ክኾኑ ረቁሖሞም
ፕረዝደንት ባራክ ኦባማ ንዳኛ መሪክ ጋርላንድ ዳኛ ላዕለዋይ ቤት ፍርዲ ክኾኑ ረቁሖሞም

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်အစိုးရ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက မနေ့က တောင်းဆိုလိုက်ပါတယ်။

အင်္ဂါနေ့က သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အကျဉ်းသား ၃၀၀၀ ကျော်မှာ လက်ရှိစာရင်းတွေအရ ကုလသမဂ္ဂက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေထဲက တဦး အပါအဝင် အမှုတွဲ ၂ ဦး၊ AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ဦး စုစုပေါင်း ၄ ဦးပဲ ပါဝင်ပါတယ်။ အပြည့်အစုံကို မအင်းကြင်းနိုင်က တင်ပြထားပါတယ်။

အင်္ဂါနေ့က လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကနေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့ ဝန်ထမ်းဟောင်း ရှေ့နေ ဦးကျော်လှအောင်နဲ့ အမှုတွဲဖြစ်တဲ့ ဦးကျော်မြင့်နဲ့ သားအဖလည်း ပါဝင်ပါတယ်။ ဒါ့အပြင် KIA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသား ကိုမာလဟာ မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ကိုဘိုကြည်က ပြောပါတယ်။

ဒီတကြိမ် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ ထောက်လှမ်းရေး ဟောင်းအရာရှိ ဗိုလ်မှူးသိန်းဆွေနဲ့ အခြားအရာရှိ ၈ ဦးလည်း ပါဝင်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ အကျဉ်းသားတွေကို ထောင်နဲ့ချီပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် အလွန်နည်းနေတာကို နိုင်ငံတကာအစိုးရနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက မြန်မာအစိုးရကို ဝေဖန်နေကြပါတယ်။

မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Jen Psaki က မြန်မာအစိုးရက အကျဉ်းသားတွေကို လွှတ်ပေးတာ အမေရိကန်က ကြိုဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အခုလို တိုက်တွန်းပါတယ်။

“မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေကို ဒီကနေ့ ပြန်လွှတ်ပေးခဲ့တယ်ဆိုတာကို ကျမတို့ ကြိုဆိုပါတယ်။ ဒီလိုလွှတ်ပေးခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်အားလုံးကို ကျမတို့ မသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကတဆင့် အစိုးရအနေနဲ့ ဆက်လက်ပြီး အမြန်ဆုံး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ လွှတ်ပေးခဲ့ပြီးဖြစ်တဲ့ လူတွေအပေါ်လည်း ချမှတ်ထားတဲ့ ခြွင်းချက်တွေကို ဖယ်ရှားပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”

AI လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း ရှေ့နေဦးကျော်လှအောင် ကို လွှတ်ပေးလိုက်တဲ့အတွက် ကြိုဆိုပေမဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မြန်မာအစိုးရ တကယ်ဆောင်ရွက်နေပါတယ်ဆိုတာ နိုင်ငံတကာ ယုံကြည်ဖို့အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့ အခုလို တိုက်တွန်းသွားပါတယ်။

“ရိုဟင်ဂျာတဦးဖြစ်သူ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ဦးကျော်လှအောင် ကို လွှတ်ပေးလိုက်တဲ့ သတင်းဟာ ကောင်းတဲ့သတင်းပါ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို မီးမောင်းထိုးပြနေသူတဦး ဖြစ်ပါတယ်။ သူ့ကို တနှစ်ကျော် အကျဉ်းထောင်ထဲမှာ အပြစ်မရှိဘဲ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။ အင်္ဂါနေ့က လွှတ်ပေးလိုက်တဲ့ အကျဉ်းသားအရေအတွက် ထောင်နဲ့ချီပြီးရှိတယ်ဆိုပေမဲ့ ဒါဟာ အာဏာပိုင်တွေဘက်က အကျိူးမရှိတဲ့ လုပ်ဆောင်ချက်ဘဲ ဖြစ်ပါတယ်။”

အသက် ၇၅ နှစ်အရွယ် ရှေ့နေဦးကျော်လှအောင်ဟာ စစ်တွေသားဖြစ်ပြီး ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တဦးအနေနဲ့ စစ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတယ်။ ဒါပေမဲ့ စစ်အစိုးရက သူ့ကို ဖမ်းဆီး ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပြီး ၁၉၉ရ ခုနှစ်မှာ လွတ်မြောက်ခဲ့ပြီးနောက် ၁၉၉၈ မှာ MSF မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ဦးကျော်လှအောင်ကို ၂၀၁၃ ဇူလိုင်လက ဖမ်းဆီးခဲ့ပြီး စည်းရုံးလှုံ့ဆော်မှုနဲ့ စစ်တွေတရားရုံးက ၂၀၁၄ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခဲ့တာပါ။ သူ့ကို အောက်တိုဘာလ ၇ ရက်နေ့မှာ စစ်တွေထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တဲ့ အကြိမ်ပေါင်းများစွာရှိခဲ့ပြီး ၂၀၁၂ ခု နိုဝင်ဘာလတုန်းက အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် မသွားရောက်မီ ထိုစဉ် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားပေါင်း ၄၅၂ ဦး လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ခဲ့ပါဘူး။

အခုတကြိမ်လည်း နေပြည်တော်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံ တက်ရောက်ဖို့ သမ္မတအိုဘာမားရဲ့ မြန်မာခရီးစဉ်မတိုင်မီ အကျဉ်းသားများကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က စောစောပိုင်းက ကတိပေးခဲ့ပေမဲ့ AAPP အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ပြုစုထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံရေးအကျဉ်းသား အရေအတွက် ၇၀ နီးပါး ရှိနေပါတယ်။

XS
SM
MD
LG