သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယား ကင်းရှင်းရေး ၄ နိုင်ငံ အခိုင်အမာရပ်တည်


အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့အနေနဲ့ နျူကလီးယား ကင်းမဲ့တဲ့ ကိုရီးယားကျွန်းစွယ ်ဖြစ်လာရေးအတွက် အားလုံးက တညီတညွတ်ထဲ ယုံကြည်ကြတဲ့အကြောင်းလည်း ဘရုနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ - အမေရိကန် ဝန်ကြီးများအဆင့် စည်းဝေးပွဲအတွင်း တနင်္လာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) နဲ့ တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

ဒေသတွင်း ငြိမ်းချမ်းမှု ရရှိရေးအတွက် တခုတည်းသော နည်းလမ်းဟာ မြောက်ကိုရီးယားအနေနဲ့ ၆ နိုင်ငံ တွေ့ဆုံပွဲအတွင်း ရရှိထားတဲ့ သဘောတူညီချက်တွေကို လိုက်နာမှ ဖြစ်နိုင်မယ်လို့လည်း ဝန်ကြီး ကယ်ရီက ပြောပါတယ်။

ဝန်ကြီးကယ်ရီအနေနဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက တက်ရောက်လာကြတဲ့ ဝန်ကြီးတွေအပြင် ဂျပန်နဲ့ တောင်ကိုရီးယားတို့က နိုင်ငံခြားရေးဝန်ကြီးတွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီစည်းဝေးပွဲအတွင်းမှာပဲ အာဆီယံအဖွဲ့နဲ့ အမေရိကန်အကြား ကဏ္ဍအသီးသီးမှာ ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တို့က ပြောပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေးလမ်းကြောင်းတွေ အသစ်တဖန် ပြန်ပွင့်လာတဲ့အပေါ် မြန်မာနိုင်ငံအနေနဲ့ အထူး တန်ဖိုးထားတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

ဒီစည်းဝေးပွဲကို ပူးတွဲ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟေလာရီ ကလင်တန် (Hillary Clinton) လက်ထက်အတွင်း အာဆီယံ - အမေရိကန် ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တာကို အသိအမှတ်ပြု ပြောကြားတဲ့ တချိန်တည်းမှာပဲ အမေရိကန်နဲ့ Cyber အင်တာနက် လုံခြုံရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ရေပိုင်နက် ပိုင်ဆိုင်မှု လုံခြုံရေး စတဲ့ ကဏ္ဍစုံကို အာရုံစိုက် ပူးတွဲ လုပ်ဆောင်သွားကြဖို့ လိုတဲ့အကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း - မြန်မာနိုင်ငံမှာ ထူးခြားတဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို စံပြအဖြစ် လုပ်ဆောင်နေတဲ့အပေါ် အသိအမှတ်ပြုကြောင်း ပြောဆိုပါတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့လည်း လွှတ်တော်အတွင်းမှာ စစ်တပ်အရာရှိဟောင်းတွေ နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အတူ လက်တွဲ လုပ်ဆောင်နိုင်အောင် ဦးဆောင်မှု ပေးနေတဲ့အပေါ်မှာလည်း ဝန်ကြီး ကယ်ရီ က အသိအမှတ်ပြု ပြောဆိုသွားပါတယ်။
XS
SM
MD
LG