သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တရုတ်သမ္မတ ၂ ဦး တွေ့ဆုံဆွေးနွေး


တရုတ်သမ္မတ ရှီကျင်းပင် နဲ့ အမေရိကန်သမ္မတ တို့ ကယ်လီဖိုးနီးယားပြည်နယ် Sunnylands မှာ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (ဇွန်လ ၇ ရက်၊ ၂၀၁၃)
တရုတ်သမ္မတ ရှီကျင်းပင် နဲ့ အမေရိကန်သမ္မတ တို့ ကယ်လီဖိုးနီးယားပြည်နယ် Sunnylands မှာ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ (ဇွန်လ ၇ ရက်၊ ၂၀၁၃)
Cyber security လို့ခေါ်တဲ့ အင်တာနက် ကွန်ယက်တွေ လုံခြုံရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား သဘောထားကွဲမှုတွေကို အတူတွဲ ဖြေရှင်းသွားရေးမှာ အသေအချာ နားလည်မှုရအောင်လုပ်ဖို့ သမ္မတ ဘရက်အိုဘားမား (Barack Obama) ကပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယား (California) ပြည်နယ်မှာ သောကြာနေ့က စတင်တဲ့ သမ္မတအိုဘားမားနဲ့ တရုတ်သမ္မတ ရှီကျင်ပင်းတို့ရဲ့ဆွေးနွေးပွဲမှာ သမ္မတအိုဘားမားက ခုလိုပြောခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Kent Klein ရဲ့
သတင်းကိုအခြေခံပြီး မစုမြတ်မွန်က တင်ပြထားပါတယ်။

အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ရဲ့ သောကြာနေ့က ၂ နာရီကျော်ကြာတဲ့ တွေ့ဆုံပွဲမှာ Cyber security အင်တာနက်ကွန်ယက်တွေ လုံခြုံရေးနဲ့ပတ်သက်လို့ အဓိက အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အစိုးရတွေအနေနဲ့ ဘယ်လိုကိစ္စတွေကို လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူးဆိုတဲ့ လိုက်နာသင့်တဲ့
ကျင့်ဝတ်တွေ ရှင်းရှင်းလင်းလင်းရှိဖို့ လိုအပ်လာတယ်လို့ သမ္မတအိုဘားမား က ပြောပါတယ်။ အမေရိကန်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အင်တာနက်ဆက်သွယ်မှုစနစ်ကို တရုတ်က ခိုးဝင် နှောင့်ယှက်နေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားချိန်မှာ သမ္မတက ခုလို ပြောခဲ့တာလဲဖြစ်ပါတယ်။

တရုတ်သမ္မတရှီကျင်ပင်းကလည်း တရုတ်နိုင်ငံဟာ Cyber လုံခြုံမှုရှိရေးကို အထူးအလေးထားတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံမှာလည်း Cyber တိုက်ခိုက်မှုတွေ ခံရတာရှိတယ်လို့ ပြောပေမဲ့ ဘယ်သူ့လက်ချက်လဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောသွားခြင်း မရှိပါဘူး။ သောကြာနေ့ က ခေါင်းဆောင် ၂ ယောက် တွေ့ဆုံပွဲ မစခင်ကတည်းက အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေဟာ ရှောင်လွှဲလို့ မရပေမဲ့ အစိုးရ ၂ ခုကြား
အတူတွဲပြီး ဖြေရှင်းသွားဖို့လိုအပ်တယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

“အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ စီးပွားဆက်ဆံရေးလုပ်ဖို့ ကြိုးစားဆောင်ရွက်နေတာပါ။ အဲဒီလိုလုပ်တဲ့နေရာမှာ
တူညီတဲ့ ဥပဒေတွေကို လိုက်နာပြီး လွတ်လပ်မျှတတဲ့ ကုန်သွယ်မှုကိုလုပ်တဲ့ နိုင်ငံမျိုးတွေနဲ့ စနစ်ကျတဲ့ နိုင်ငံတကာစီးပွားရေးမျိုး ရရှိဖို့ လိုလားပါတယ်။ Cyber လုံခြုံရေးကိစ္စ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု ကာကွယ်ရေး ကိစ္စမျိုးတွေကို တရုတ်နဲ့ အမေရိကန်က အတူတွဲ ထုတ်ဖော်ဖြေရှင်းဆောင်ရွက် သွားနိုင်တဲ့ ဆက်ဆံရေးမျိုးကို လိုချင်ပါတယ်။”

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အင်အားကြီးနိုင်ငံတခု ဖြစ်လာ တာကို အမေရိကန်က ကြိုဆိုတယ် ဆိုတာကိုလည်း သမ္မတအိုဘားမားက တရုတ်သမ္မတရှီကို အသေအချာ ပြောကြားခဲ့ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ အောင်မြင်တဲ့လမ်းပေါ် ဆက်ပြီးလျှောက်သွားနေတာဟာ အမေရိကန်ပြည်ထောင်စုအတွက်လည်း အကျိုးရှိပါတယ်။ တရုတ်နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ပြီး သာယာဝပြောတာဟာ တရုတ်နိုင်ငံတခုတည်းအတွက်
အကျိုးရှိစေတာ မဟုတ်ပါဘူး။ တကမ္ဘာလုံးအတွက် အကျိုးရှိသလို အမေရိကန်ပြည်ထောင်စုအတွက်လည်း အကျိုးရှိပါတယ်။”

အမေရိကန်နဲ့ တရုတ်ပူးပေါင်းဆောင်ရွက်မှုတွေကို သမ္မတ အိုဘားမားက ပြောခဲ့တဲ့အထဲမှာ မြောက်ကိုရီးယား နျူကလီးယား လက်နက် အစီအစဉ်တားဆီးရေး အားထုတ်ဆောင်ရွက်နေမှုတွေကို ဖော်ပြပြော သွားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင်ပင်း ဘက်ကတော့ အမေရိကန် တရုတ်ဆက်ဆံရေးဟာ သမိုင်းဝင်နေရာတခုမှာ ရောက်ရှိနေပြီ လို့ ပြောပါတယ်။ နိုင်ငံကြီး ၂ ခုကြား နမူနာယူသင့်တဲ့ စံပြဆက်ဆံရေးဖြစ်အောင် အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း တရုတ်သမ္မတ က ပြောကြားသွားခဲ့ပါတယ်။
XS
SM
MD
LG