သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား အမေရိကန်သံရုံး လုံခြုံရေး ပျက်ကွက်ခဲ့


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်
လစ်ဗျားနိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပြီးခဲ့တဲ့လက တိုက်ခိုက်ခံရမှုအတွက် သူ့မှာ တာဝန် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောဆို လိုက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး တယောက်အနေနဲ့ ကမ္ဘာတဝန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ထမ်းတွေရဲ့လုံခြုံရေးအတွက် တာဝန်ယူရတာဖြစ်လို့ ဝန်ကြီး ကလင်တန် က ပြောဆိုလိုက်တာပါ။

ပီရူးနိုင်ငံကိုရောက်ရှိနေတဲ့ ဝန်ကြီးကလင်တန်က ရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းခန်းမှာ တနင်္လာနေ့ ကပြောဆိုတာပါ။ အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေရဲ့ လုံခြုံရေးဝန်ထမ်းတွေ အခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အသေးစိတ်တွေကို သမ္မတအိုဘားမားနဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒင်တို့ အနေနဲ့ မသိနိုင်ဘူးလို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ အမေရိကန်သံတမန် ၃ ဦးသေဆုံးခဲ့ရတဲ့ စက်တင်ဘာ လ ၁၁ ရက်နေ့ က တိုက်ခိုက်ခံရတဲ့အဖြစ်မျိုးဟာ အဲဒီလိုမျိုးအချိန်မှာ အမြဲတစေ သဲသဲ ကွဲကွဲ မသိနိုင်ဘူးလို့ ဝန်ကြီးကလင်တန်က ရှင်းလင်းပြောဆိုလိုက်ပါတယ်။

သမ္မတရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ Republican သမ္မတလောင်း Mitt Romney Benghazi ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို လုံလောက်တဲ့ လုံခြုံရေးအင်အားဖြည့်ဆည်းမပေးခဲ့ဘူးလို့ သမ္မတ အိုဘားမားကို ဝေဖန်နေတာကြောင့် အခုလိုဖြေရှင်းပေးနေတာဖြစ်ပါတယ်။ ဒီကိစ္စကို နိုင်ငံရေးအရ အသုံးချပြီး အပြန်အလှန် အပြစ်ဖို့တန်း မကစားစေလိုဘူးလို့လည်း ဝန်ကြီး ကလင်က ထောက်ပြ လိုက်ပါတယ်။
XS
SM
MD
LG