သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ ကန် အနီးကပ် စောင့်ကြည့်


အမေရိကန် သံအမတ်ကြီး Derek Mitchell မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ တိုက်တွန်းနိုးဆော်စဉ်။
အမေရိကန် သံအမတ်ကြီး Derek Mitchell မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ တိုက်တွန်းနိုးဆော်စဉ်။

မြန်မာနိုင်ငံမှာ လာမယ့်တနင်္ဂနွေနေ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိမရှိ အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့် သွားဖို့ ပြင်ဆင် ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆို လိုက်ပါတယ်။

အမေရိကန် သံအမတ်ကြီး Derek Mitchell သံရုံးဝန်ထမ်းတွေ၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ လက်ထောက်အကြီးအကဲ Jonathan Stivers နဲ့ ကွန်ဂရက်လွှတ်တော်က တာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲ ကာလတလျှောက် စောင့်ကြည့် အကဲခတ်သွားကြမှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့က အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby က သတင်းထောက်တွေ ကို ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးအနေနဲ့ ဥရောပသမဂ္ဂ၊ ကာတာစင်တာနဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေး အာရှကွန်ယက် တို့ အပါအဝင် နိုင်ငံတကာက အကဲခတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့လည်း ဆက်လက်ပြီး အနီးကပ် လက်တွဲပြီး ရွေးကောက်ပွဲ ကို စောင့်ကြည့် သွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရ အနေနဲ့လည်း ပြည်တွင်းပြည်ပ က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ကို ကြိုတင်မဲပေးတဲ့ လုပ်ငန်းတွေ အပါအဝင် ရွေးကောက်ပွဲကို အပြည့်အ၀ အကဲခတ်ခွင့်ပြုဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တိုက်တွန်းခဲ့ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာ တုန်းကတော့ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့ရင်တောင် ပြိုင်ဘက်တွေကို လုံးဝအနိုင်ယူတာမျိုး မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်စေမယ့် အစိုးရ ဖြစ်စေရမယ် လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း NLD ပါတီ အနိုင်ရခဲ့ရင်တောင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ သမ္မတဖြစ်ခွင့် မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့အနေနဲ့ သမ္မတအထက်ကနေ တာဝန်ယူဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ရန်ကုန်မြို့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ရွေးကောက်ပွဲ ရွေးကောက်ပွဲမတိုင်ခင် ကြုံနေရတဲ့ ပြဿနာတွေကိုလည်း ထောက်ပြသွားခဲ့သလို၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုင်တွယ်ဖြေရှင်းမှုတွေဟာလည်း အားနည်းတယ် လို့ ဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG