သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမား ထောင်ဒဏ် ကန်ဝန်ကြီး ဝေဖန်


မြန်မာဂျာနယ်လစ်များ ဆန္ဒထုတ်ဖော် (ဇွန် ၇၊ ၂၀၁၄)
မြန်မာဂျာနယ်လစ်များ ဆန္ဒထုတ်ဖော် (ဇွန် ၇၊ ၂၀၁၄)

အငြင်းပွားဖွယ်ရာ ဓာတုလက်နက် စက်ရုံအကြောင်း ဖော်ပြခဲ့တဲ့ကိစ္စနဲ့ ယူနတီဂျာနယ် သတင်းထောက် ငါးဦးကို အာဏာပိုင်တွေက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက်၊ မြန်မာအစိုးရဟာ တင်းတင်းကျပ်ကျပ် စောင့်ကြည့် ထိန်းချုပ်တဲ့ ပုံစံမျိုးကို ပြန်ပြီး ဦးတည်သွားနေတယ်လို့ အမေရိကန် ထိပ်တန်း လူ့အခွင့်အရေး အရာရှိတဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

မနေ့က အေပီသတင်းဌာနနဲ့ မေးမြန်းခန်းမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski က ခုလို အပြင်းထန်ဆုံး ဝေဖန်သွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အရေးပါတဲ့ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုတွေလို့ ပြောနေတဲ့ အိုဘားမား အစိုးရ အတွက် အခုလို သတင်းထောက်တွေ အပေါ် နှိမ်နင်းမှုတွေ က ထောက်ပြ ဝေဖန်စရာ ပြဿနာတခု ဖြစ်နေတာပါ။


ဆယ်စုနှစ် ၅ စုကြာ စစ်အုပ်ချုပ်ရေးကနေ ပြုပြင်ပြောင်းလဲမှုတွေကို ခက်ခက်ခဲခဲ ဖော်ဆောင်နေရတဲ့ မြန်မာအစိုးရနဲ့ အမေရိကန် ပြည်ထောင်စုကြား ထိတွေ့ ဆက်ဆံမှုတွေကိုတော့ ဆက်လက် ထားရှိသွားမှာဖြစ်တယ်လို့ မစ္စတာ မလီနော်ဖ်စကီး ကပြောပါတယ်။ စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့တဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ပြန်လည် ပွင့်လင်းလာတဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့ မစ္စတာ မလီနော်ဖ်စကီးက တိုက်တွန်း လိုက်ပြီးတော့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ရှေ့နှစ် အထွေထွေ ရွေးကောက်ပွဲတွေ ကို အများ ယုံကြည် လက်ခံတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့ အရေးကြီးတဲ့ အကြောင်း လည်း ပြောဆိုသွားတာပါ။


မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေးပစ္စည်း စက်ရုံတခုကို လျှို့ဝှက် ဓာတုလက်နက်စက်ရုံ အဖြစ် ဖော်ပြခဲ့တဲ့အတွက် ယူနတီဂျာနယ် အမှုဆောင် အယ်ဒီတာချုပ်နဲ့ သတင်းထောက် လေးဦးကို နိုင်ငံတော် လျှို့ဝှက် ချက်ပေါက်ကြားမှု နဲ့ ဒီနှစ်အစောပိုင်းက အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက မြန်မာအစိုးရကို ပြင်းပြင်း ထန်ထန် ဝေဖန်နေကြတာဖြစ်ပါတယ်

XS
SM
MD
LG