သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေ မူကြမ်းများ အမေရိကန် အပြင်းအထန် ဝေဖန်


အမျိုးဘာသာ ကာကွယ်ရေး ဥပဒေမူကြမ်းများ အမေရိကန် အပြင်းအထန် ဝေဖန်။
အမျိုးဘာသာ ကာကွယ်ရေး ဥပဒေမူကြမ်းများ အမေရိကန် အပြင်းအထန် ဝေဖန်။

မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ လွှတ်တော်က စဉ်းစားနေတဲ့ မျိုးစောင့် ဥပဒေနဲ့ ပါတ်သက်ပြီး USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် ကော်မရှင်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း ဇန်နဝါရီလ ၂၂ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီဥပဒေတွေဟာ နိုင်ငံတွင်းက ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေ အထူးသဖြင့် မူစလင်တွေကို ဘာသာကူးပြောင်းခွင့်နဲ့ လက်ထပ် ထိမ်းမြားခွင့် တွေမှာ ခွဲခြားမှုတွေ ရှိစေမှာ ဖြစ်သလို ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်ရာ ရောက်နေတယ်လို့ ဆိုပါတယ်။ မေလတုန်းက တင်သွင်းခဲ့တဲ့ ဘာသာကူးပြောင်းခွင့်ဆိုင်ရာ ဥပဒေမူကြမ်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ နိုင်ငံတကာရဲ့ သတ်မှတ်ချက်ကို ချိုးဖေါက်ရာ ရောက်သလို ဒါဟာ ပြန်ပြီး ပြင်လို့ မရတဲ့ အမှားမျိုး ဖြစ်တယ်လို့လည်း ပြောဆိုရှုတ်ချခဲ့ပါတယ်။

သြဂုတ်လတုန်းက USCIRF ကော်မရှင်နာမင်းကြီးတွေ ဖြစ်တဲ့ Zuhdi Jasser နဲ့ Eric P. Schwartz တို့ မြန်မာနိုင်ငံကို ရောက်တုန်းကလည်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု အစိုးရ ဝန်ကြီး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဒီဥပဒေတွေနဲ့ ပါတ်သက်လို့ စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ်အတွက် နှစ်ပါတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး USCIRF က ဖေါ်ပြရာမှာ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှှုတွေမှာ မူစလင်ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ အထူးသဖြင့် ရိုဟင်ဂျာ မူစလင် အသိုင်းအဝိုင်းကို ခွဲခြား ဆက်ဆံမှုတွေ ရှိနေတာမို့ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ တရားဝင် အကာကွယ်ပေးမှုတွေ အတွက် တိုးတက်မှု မရှိဘူးလို့ ဖေါ်ပြထားပါတယ်။ ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့ စိုးရိမ်ရတဲ့ နိုင်ငံ (country of particular concern) CPC အဖြစ် USCIRF က မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်ထားမှုဟာ ၁၉၉၉ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဆယ်နှစ်ကျော်လာပြီ ဖြစ်ပါတယ်။

XS
SM
MD
LG