သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူနတီဂျာနယ် သတင်းထောက်တွေ ထောင်ချမှု သတင်း လွတ်လပ်ခွင့် ထိခိုက်ကြောင်း ကန်အစိုးရပြော


နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki ။ (မေ ၂၉၊ ၂၀၁၄)
နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jen Psaki ။ (မေ ၂၉၊ ၂၀၁၄)

မြန်မာအာဏာပိုင်တွေက ယူနတီဂျာနယ်က သတင်းထောက် ၅ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ် စီရင်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ် ပူပန်မိကြောင်း ဇူလိုင်လ ၁၈ ရက်နေ့က နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က ပြောကြားလိုက်ပါတယ်။

“ လက်နက်စက်ရုံကိစ္စကို စုံစမ်းပြီး ရေးသားဖော်ပြခဲ့တဲ့အတွက်ကြောင့် ယူနတီဂျာနယ် အမှုဆောင်ညွန်ကြားရေးမှူးနဲ့ သတင်းထောက်တွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တဲ့အပေါ် အထူး စိုးရိမ် ပူပန်မိပါတယ်။ သူတို့ကို ပြစ်ဒဏ် စီရင်လိုက်တာဟာ မြန်မာအစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့်အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ တကယ် လိုလိုလားလား လုပ်ဆောင်လိုစိတ် မရှိဘူးဆိုတာကို ပြသ လိုက်တာလဲ ဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က ပြောသွားတာ ဖြစ်ပါတယ်။”

ဒါ့အပြင် လွန်ခဲ့တဲ့ ၃ နှစ်အတွင်း မြန်မာစိုးရအနေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိရေးနဲ့ပတ်သက်လို့ သိသိသာသာ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တဲ့အကြောင်း၊ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီစံနစ် ရှင်သန် ကြီးထွားရေးအတွက် အရေးပါတဲ့အချက် ဖြစ် တာကြောင့် မြန်မာအစိုးရ အနေနဲ့ သတင်းထောက်တွေအပေါ် လေးစားမှုပြဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ တောင်းဆိုကြောင်းလည်း Jen Psaki က ထည့်သွင်း ပြောဆိုသွားပါတယ်။

အငြင်းပွားဖွယ်ရာ ဓာတုလက်နက် စက်ရုံအကြောင်း ဖော်ပြခဲ့တဲ့ကိစ္စနဲ့ ယူနတီဂျာနယ် သတင်းထောက် ငါးဦးကို အာဏာပိုင်တွေက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက်၊ မြန်မာအစိုးရဟာ တင်းတင်းကျပ်ကျပ် စောင့်ကြည့် ထိန်းချုပ်တဲ့ ပုံစံမျိုးကို ပြန်ပြီး ဦးတည်သွားနေတယ်ဆိုပြီး အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကလည်း အေပီ သတင်းဌာနနဲ့ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်း အတွင်း ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG