သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးလောင်ဗုံးသုံး နှိမ်နင်းမှု အမေရိကန် ကန့်ကွက်


နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Victoria Nuland
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Victoria Nuland
မြန်မာနိုင်ငံ အထက်ပိုင်း လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသူတွေကို လုံခြုံရေးတပ်က အင်အားသုံး ဖြိုခွင်းခဲ့ရာမှာ Phosphorus ပါတဲ့ မီးခိုးဗုံးတွေ အသုံးပြုခဲ့တယ် ဆိုတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုကတော့ ဒီလို အန္တရာယ်ကြီးတဲ့ ဓာတုပစ္စည်း အသုံးပြုမှုအပေါ် ကန့်ကွက် ဝေဖန်ပါတယ်။ လူအုပ်စုကို ကိုင်တွယ် ထိန်းသိမ်းတဲ့နေရာမှာ နိုင်ငံတကာ စံနှုန်း စံထားအတိုင်း လူ့အခွင့်အရေး ကျင့်ဝတ်တွေကို လိုက်နာဖို့လည်း တိုက်တွန်းပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော် မတီရဲ့ အစီရင်ခံစာ ထွက်လာတဲ့အပေါ်မှာ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားကို မနေ့က နိုင်ငံခြားရေးဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးမြန်းကြ ပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာလုံခြုံရေး တပ်တွေအနေနဲ့ အဓိကရုဏ်း နှိမ်နင်း ရာမှာ နိုင်ငံတကာ စံနှုန်းကျင့်ဝတ်တွေအတိုင်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ လိုမယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန်း (Victoria Nuland) က ပြောပါတယ်။

“ဒီ အစီရင်ခံစာကို ရရှိထားပါတယ်။ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ မြန်မာ လုံခြုံရေးတပ် တွေဟာ Phosphorus ပါဝင်တဲ့ မီးခိုးဗုံးတွေ အသုံးပြုတယ် ဆိုတာကို အဲ့ဒီမှာ အတည်ပြုထားပါတယ်။ လူအုပ်စုကို ဖြိုခွင်းဖို့ Phosphorus အသုံးပြုတာတွေကို ကျမတို့ ဆန့်ကျင် ကန့်ကွက်ပါ တယ်။ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့အညီ လွတ်လပ်စွာ စုရုံး ဆန္ဒပြခွင့်ကို အကာအကွယ်ပေးဖို့၊ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့နဲ့ လုံခြုံရေးတပ်တွေအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်း ထားပါတယ်။ ဒီ Phosphorus ဓာတုပစ္စည်း ဆိုတာဟာ လူတွေကို အတော် အန္တရာယ်ပေးနိုင်ပါ တယ်။ လူအုပ်စုကို ကိုင်တွယ် ထိန်းသိမ်းဖို့ သင့်တော်တဲ့ တခြားနည်းလမ်းတွေ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ စတင် ဆောင်ရွက်နေချိန်မှာပဲ ကချင်ပြည်နယ် ပဋိပက္ခ၊ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့အတူ အခုလို လက်ပံတောင်းတောင် အရေးအခင်းဟာလည်း အများ
ပြည်သူကြား မကျေမနပ် ဖြစ်မှုတွေ ရှိခဲ့ပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းအပေါ် ဆန္ဒပြနေကြတဲ့ သပိတ်စခန်းကို ရဲတပ်ဖွဲ့က အင်အား သုံး နှိမ်နင်းခဲ့ရာမှာ ဆန္ဒပြ သံဃာတော် အတော်များများ မီးလောင်ဒဏ်ရာ တွေ ရခဲ့တဲ့အပေါ်၊ မကျေနပ်မှုတွေ ကန့်ကွက်မှုတွေ တိုးလာခဲ့ပါတယ်။

ဒီအပေါ်မှာ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေး ကော်မတီကို ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်စေပြီး အစိုးရက ဖွဲ့ပေးခဲ့တာပါ။ အခု အစီရင်ခံစာမှာတော့ အင်အားသုံး ဖြိုခွင်းရာမှာ မီးစုန်းဓာတ်လို့ခေါ်တဲ့ Phosphorus ဓာတုပါဝင်တဲ့ မီးခိုးဗုံးတွေ လုံခြုံရေးတပ်ဘက်က အသုံးပြုတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ကတော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို အားပေးကူညီနေ သလို၊ တဘက်မှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးတက် ကောင်းမွန်လာဖို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်း အကူအညီ ပေးသွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ နျူလန်း က ပြောသွားပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ အခြေအနေ တိုးတက် ကောင်းမွန်လာတယ်ဆိုတာ အထင်အရှားပါ။ အစပိုင်းကတည်းက ကျမတို့ ပြောခဲ့သလိုပါပဲ၊ မြန်မာဘက်က ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ၊ ဆက်ဆံရေးလမ်းတွေ ပွင့်လာစေဖို့ အမေရိကန် ပြည်ထောင်စုဘက်က တုံ့ပြန်ခြေလှမ်း လှမ်းသွားမှာပါ။ ဒါပေမဲ့ ဒီနေရာမှာ အစိတ်အပိုင်း တရပ်အနေနဲ့ကတော့ မြန်မာနဲ့ လူ့အခွင့် အရေး ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကျင့်ဝတ်ဆိုင်ရာ၊ လွတ်လပ်စွာ စုရုံးဆန္ဒပြခွင့် စတဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေပါ။ ဒါကြောင့် မြန်မာဘက်က ပွင့်လင်းမှု ရှိလာသလောက် ကျမတို့ဘက်ကလည်း အနီးကပ် စောင့်ကြည့်ပြီး အလုပ်တွေ ဆက်လုပ် သွားမှာပါ။”

တချိန်တည်းမှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး ပတ်ထရစ် မာဖီ (Patrick Murphy) ဟာ မနေ့ မတ်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက် ရှိနေပါပြီ။ မြန်မာ နိုင်ငံမှာရှိစဉ် အစိုးရအကြီးတန်းအရာရှိတွေ တာဝန်ရှိသူတွေနဲ့ အရပ်ဘက် လူမှု အဖွဲ့အ စည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ရခိုင်နဲ့ ကချင်ပြည်နယ် ပဋိပက္ခတွေအပြင် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စ စတာတွေအပေါ် အမေရိကန် မူဝါဒဆိုင်ရာတွေကို ဆွေးနွေးမယ်လို့ သိရပါ တယ်။

လက်ရှိ မြန်မာသံအမတ်ကြီးဖြစ်တဲ့ ဒဲရက်ခ် မစ်ချဲ (Derek Mitchall) ဟာ အရင် ဒီတာဝန်မှာ ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
XS
SM
MD
LG