သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲ အခြေအနေ အမေရိကန် စိုးရိမ်


စစ်မြေပြင်က TNLA တအောင်းတပ်မတော်က တပ်သားများ။
သတင်းဓာတ်ပုံ -PSLF -TNLA News & Information Department
စစ်မြေပြင်က TNLA တအောင်းတပ်မတော်က တပ်သားများ။ သတင်းဓာတ်ပုံ -PSLF -TNLA News & Information Department

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်တဲ့ အကြောင်း ရန်ကုန်မြို့၊ အမေရိကန်သံရုံး ကထုတ်ပြန်ပါတယ်။

“တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနဲ့ မြန်မာတပ်မတော်တို့အကြား ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အမေရိကန်သံရုံးအနေနဲ့ များစွာစိုးရိမ်ပူပန်မိပါတယ်။” လို့ ရန်ကုန်မြို့ အမေရိကန် သံရုံးပြောခွင့်ရတဦးက ဗွီအိုအေကို ပြောသွားတာပါ။

သံရုံးထုတ်ပြန်ချက်
သံရုံးထုတ်ပြန်ချက်

အထူးသဖြင့် ရှမ်းနဲ့ပလောင် တိုင်းရင်းသား လူ့အသိုက်အဝန်းတွေကို ဦးတည်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့ အကြောင်း၊ အရပ်သားတွေအပေါ် အကာအကွယ်ပေးရေးအပါအဝင် ပဋိပက္ခ ဘေးသင့် ပြည်သူတွေဆီကို လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေ အတားအဆီးမရှိ သွားရောက်နိုင်ရေးဟာ နိုင်ငံတကာရဲ့ အခြေခံကျ တဲ့မူ ဖြစ်တဲ့ အကြောင်း၊ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖို့ တည်ဆောက်နေတဲ့ ယုံကြည်မှုကို ပျက်ပြားစေတဲ့အကြောင်း သံရုံးပြောခွင့်ရ က ပြောပါတယ်။

စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဖို့အတွက် စိတ်ရှည် သည်းခံခြင်းတရားကို ကျင့်သုံးကြဖို့ နဲ့ ကတိကဝတ်ကို ပြန်လည်ဖော်ဆောင်ကြဖို့လည်း သံရုံးထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။ သို့မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖြစ်ထွန်းနေ မှာဖြစ်ပြီး နေရပ် ရွှေ့ပြောင်းဒုက္ခသည်တွေလည်း နေရပ်ရင်း ပြန်နိုင်မှာဖြစ်ပြီးတော့ သူတို့ရဲ့ဘဝတွေကို ပြန်လည် ထူထောင်နိုင်မှာဖြစ်တယ်လို့ အမေရိကန် သံရုံးပြောခွင့်ရက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ အရေးကြီးအဆိုတရပ်ကို ဗုဒ္ဓဟူးနေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်း အတည်ပြုခဲ့ပါသေးတယ်။ ဒါပေမဲ့ လည်း တိုက်ပွဲတွေ ရပ်သွားပြီ ဆိုတဲ့ တိကျခိုင်မာတဲ့ သတင်းမျိုးတွေကိုတော့ မရသေးပါဘူး။

XS
SM
MD
LG