သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရခိုင် သွားရောက်လေ့လာ


အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းကို သွားရောက်လေ့လာ ( စက်တင်ဘာ ၈၊ ၂၀၁၂ )
အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းကို သွားရောက်လေ့လာ ( စက်တင်ဘာ ၈၊ ၂၀၁၂ )
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာသွားပြီး ပြဿနာဖြစ်နေတဲ့ လူမျိုးစု ၂ ခုအကြား ဘယ်လို အတူယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းမလဲဆိုတာတွေကို ဒေသေခံ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့လည်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန် နိုင်ငံခြားရေး ဟီလာရီ ကလင်တန်ရဲ့ ညွှန်ကြားချက်အရ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Joseph Yun ဦးဆောင်တဲ့ အချက်အလက်ရှာဖွေရေး အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၇ ရက်နေ့မှာ ရောက်ရှိလာကြတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့တွေကို စက်တင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ သွားခဲ့ကြတာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေငြာချက် ထုတ်ပြန်ပါတယ်။

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ စစ်တွေနဲ့ မောင်တောမြို့အနီးဝန်းကျင်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗလီကျောင်းတွေကို တနေ့တာ သွားရောက်လေ့လာ ခဲ့ကြပြီး စက်တင်ဘာလ ၉ ရက်နေ့မှာတော့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ NGO အဖွဲ့တွေနဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့တာပါ။

အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ နေ့လည်စာစားရင်း ဘာသာမတူ လူမျိုးမတူသူ လူမျိုးစု ၂ ခုအကြား အတူယှဉ်တွဲနေထိုင်နိုင်ရေးနဲ့ ဒီကိစ္စကို ဘယ်လို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာတွေကို အပြန်အလှန် ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒီစည်းဝေးပွဲကို တက်ရောက်ခဲ့တဲ့ ဝံလက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအကြီးအကဲ ဦးကျော်ဇောဦးက ပြောပါတယ်။

" သူတို့ဘက်ကတော့ အဓိက ဦးတည်ပြီးတော့ ဘယ်ဘက်ကို ပြောနေလဲ ဆိုတော့ အတူယှဉ်တွဲနေထိုင်ရေး ဘယ်တော့ ဖြစ်နိုင်မှာလဲ စစ်တွေမြို့မှာပေါ့နော် အဲဒီဘက်ကို လှမ်းထောက်တဲ့ သဘောပါ။ ဒီဘက်က လူတွေ ပြောတာကတော့ နည်းနည်းတော့ ဒီ ရခိုင်တွေဘက်ကလည်း ဆိုက်ကော်လော်ဂျီ တော်တော် ခံစားသွားရတယ်။ အခုတခါမှာတောင် မဟုတ်ဘူး ၁၉၄၂ ခုနှစ် ကတည်းက ခံစားသွားခဲ့ရတာ ရှိတယ်။ ဆိုတော့ အဲဒါ အတွက် အချိန်နည်းနည်း စောင့်ရပါလိမ့်မယ်လို့ ကျနော်တို့ ပြောပါတယ်။

ဂျိုးဆက်ယွန်း ပြောတဲ့ အထဲမှာ တခွန်းပါတာကတော့ ဟုတ်ပြီ လူ့အခွင့်အရေးတို့ ဘာတို့ မဆွေးနွေးဘူးပေါ့နော် Citizen Rights တို့ Human Rights တို့ မဆွေးနွေးနဲ့။ လောလောဆယ် လက်တွေ့အခြေအနေက ဒီမြေပေါ်မှာ ဘင်္ဂါလီ ၈ သိန်းကျော် ရှိနေတယ်။ အဲဒီ ရှိနေတဲ့ အတွက် အဲဒီ ၈ သိန်းကျော်နဲ့ ဒီက နယ်ခံတွေနဲ့ ပြသနာ ရှိနေတယ်ဆိုတော့ ဒါကို ပိုပြီးကောင်းသွားအောင် ပဋိပက္ခတွေ ပြေငြိမ်းသွားအောင် နောက် ဒီက လူတွေ ပိုပြီးကောင်းမွန်တဲ့ အနာဂတ်တွေ တည်ဆောက်နိုင်အောင် ဒီလူတွေ အတွက် အသိအမှတ်ပြုပေးပြီး ဆက်ပြီးတော့ ကျနော်တို့ Solution ဆန်ရမယ်ဆိုတဲ့ သဘောမျိုး ပြောပါတယ်။ "

ဒီပြဿနာဟာ ရခိုင်ပြည်ထဲမှာ ဖြစ်တယ်ဆိုပေမယ့်လည်း ဒေသခံ ရခိုင်လူမျိုးတွေက သူတို့နဲ့ အခုဖြစ်တဲ့သူ အများစုဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝင်လာတဲ့ ဘင်္ဂါလီလူမျိုးတွေ ပါဝင်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ယူဆနေတဲ့ကိစ္စကို သူ့အနေနဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဖက်ကို ပြန်တင်ပြခဲ့တယ်လို့ ဦးကျော်ဇောဦးက ပြောပါတယ်။

" အဓိကကတော့ ဘင်္ဂလာဒေ့ရှ်က လက်မခံဘူးလေဗျာ။ သူတို့ဘက်က တာဝန်ရှိတဲ့ဟာကို လက်မခံတဲ့ အတွက် လက်ခံလိုက်ရင်လည်း ဒီပြသနာရဲ့ Solution ထဲမှာ ဘင်္ဂလာဒေ့ရှ် ကသာ တစိတ်တပိုင်း တာဝန်ယူမယ် ဆိုလို့ရှိရင် ဒီပြသနာတော်တော်လေး ပြေလည်နိုင်တဲ့ သဘောရှိပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ပြောခဲ့ပါတယ်။ သူတို့ Suggest လုပ်တာတော့ မဟုတ်ပါဘူး။ Suggest လုပ်တဲ့ သဘောဘဲ ပြောမလားဘဲ အဲဒီဘက်ကနေ နည်းနည်း ပြောတယ်ပေါ့နော်။ ကျနော်တို့ ဘက်ကလည်း ဒါကို ကျနော်တို့ဘက်ကဘဲ လုပ်ရမှာ မဟုတ်ဘဲ အဓိက တာဝန်ရှိသူ ဖြစ်တဲ့ ဘင်္ဂလာဒေရှ့်ဘက်ကလည်း တာဝန်ယူရမယ်ဆိုတဲ့ သဘောမျိုးလည်း ပြောပါတယ်။ သူတို့လည်း နောက် ဘင်္ဂလာဒေ့ရှ်ကို သွားပြီးတော့ အဲဒါနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောသွားပါတယ်။ "

အခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပမှာ အမြင်သဘောထားတွေကတော့ အမျိုးမျိုး ထွက်ပေါ်နေတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအပါအဝင် အနောက်နိုင်ငံ အစိုးရ တချို့က မြန်မာအစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းမှုနဲ့ပတ်သက်လို့ အားနည်းချက် ရှိတာတွေကို ဝေဖန် ထောက်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံသား အများစုကတော့ သမ္မတဦးသိန်းစိန်ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ အစောပိုင်းမှာ ထောက်ခံမှု အပြည့်အ၀ ပေးခဲ့ပေမယ့် ဒီကိစ္စမှာ တိုက်ရိုက် ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားတဲ့ INGO ခေါ် ကုလသမဂ္ဂအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေသခံဝန်ထမ်းတွေကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ်မှာတော့ ကျေနပ်မှုမရှိကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။

သမ္မတက ရခိုင်ပြည်နယ်ပဋိပက္ခအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပေးပြီး ကော်မရှင်အနေနဲ့ အခုချိန်မှာ လုပ်ငန်းတွေ စတင် လုပ်ဆောင်နေပေမယ့်လည်း နှစ်ဖက် တင်းမာမှုတွေကတော့ လက်ရှိအချိန်ထိ ရှိနေတုန်းပဲလို့ ဦးကျော်ဇောဦးက ဆက်ပြောပြပါတယ်။


" Tension က ရှိနေပါတယ် ခင်ဗျ။ Tension ရှိသေးတယ်ဆိုတာကို ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ တပတ်ကျော်လောက်က ဖြစ်မလား မသိဘူး။ စစ်တွေဈေးထဲကို ဘင်္ဂလီ လူမျိုး တချို့ စစ်တွေမြို့ အပြင်ဘက်က ရွာထဲကလို့ ယူဆရတဲ့ ဘင်္ဂလီ လူမျိုးတချို့ကို လုံခြုံရေး အစောင့် အရှောက်နဲ့ ဈေးဝယ်ဖို့ ခေါ်လာတယ် ကားသုံးစီးနဲ့ ပေါ့နော် သူတို့ ဈေးဝကို ရောက်တယ်ဆိုတာနဲ့ ရခိုင်လူမျိုးတွေ ဈေးထဲရောက်နေတဲ့ ဈေးသူ ဈေးသားတွေ ဗုဒ္ဓဘာသာတွေက သူတို့ချက်ချင်း လူအုပ် ဖြစ်သွားတာပေါ့နော်။ ရောက်တယ်ဆိုတာ ကြားတာနဲ့ တုန့်ပြန်မှုက အဲလို ဖြစ်နေတာပေါ့။ တစ် အချက် အဲဒီတော့ Tension က ရှိနေပါတယ်။ "

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး သူတို့ ခရီးစဉ်ကိစ္စတွေကို ဆွေးနွေးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပြပါတယ်။

ကျနော်တို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေနဲ့ပါ ။ အဓိက သူတို့ ခရီးစဉ် ကိစ္စတွေ နောက်ဆုံး Final တခြား ဟိုဘက်က Message တွေ ဘာတွေပါရင်လည်း ပေးမယ်ပေါ့နော်။ ဒါပါဘဲ။

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။

ဝါရှင်တန်က ရောက်လာကြတဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ထဲမှာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun နဲ့ သံအမတ်ကြီး Derek Mitchell တို့နဲ့အတူ တောင်နဲ့ ဗဟိုအာရှရေးရာ ဌာန လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး အယ်လစ်ဆာ အေရားစ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာဌာန လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်ဘဲရ်၊ လူဦးရေ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်ခြင်းရေးရာ ဌာန လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကယ်လီမင့်စ်၊ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ ရန်ကုန် မစ်ရှင် ညွှန်ကြားရေးမှူး ခရစ္စ မီလီဂန်တို့လည်း လိုက်ပါလာကြတာ ဖြစ်ပါတယ်။

ဒီအမေရိကန် အဆင့်မြင့် ကိုယ်လှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆက်လက် ဆွေးနွေးကြမှာပါ။ သူတို့ခရီးစဉ်အတွင်း Cox’s Bazaar မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာမယ်လို့ သိရပါတယ် ခင်ဗျား။
XS
SM
MD
LG