သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တဒေါ်လာ မြန်မာ ၁၃၀၀ ကျပ် အထိ ဈေးတက်


အမေရိကန်ဒေါ်လာ မြန်မာကျပ်ငွေ ငွေလဲလှယ်မှု။
အမေရိကန်ဒေါ်လာ မြန်မာကျပ်ငွေ ငွေလဲလှယ်မှု။

အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း ၁၃၀၀ကျပ်နဲ့ ဒီကနေ့ ဈေးပိတ်ခဲ့ပြီး နိုင်ငံရေး အခြေအနေ အလှုပ်အခတ်ကြောင့် ဆက်ပြီး ဈေးတက်မယ့် အခြေအနေ ရှိနေပါတယ်။ အာဏာရပါတီတွင်း ခေါင်းဆောင်မှု အပြောင်းအလဲတွေ လုပ်ခဲ့ပြီး အာဏာပိုင်တို့နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတချို့ ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး နောက်မှာတော့မြန်မာ့ စီးပွားရေးလောကမှာ ရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ စုဆောင်းမှုတွေ ပိုများလာတယ်လို့လည်း စီးပွားရေး အဝန်းအဝိုင်းက ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်တွင်း နိုင်ငံရေး အလှုပ်အခတ်နဲ့ ပို့ကုန်တင်ပို့မှု ပိတ်ပင်ချက် တချို့ကြောင့် အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း ထပ်တက်သွားပြီး ကြာသပတေးနေ့မှာ အမေရိကန် တဒေါ်လာ ၁၃၀၀ ကျပ်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။ လက်ရှိ အမေရိကန် ဒေါ်လာငွေ အဝယ်လိုက်နေတဲ့ အခြေအနေကို ပို့ကုန်လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက အခုလို ပြောပါတယ်။

"ဒီကနေ့ကတော့ မနက်ပိုင်းက ၁၃၀၀ လောက်ထိ တက်သွားတယ်။ ညနေပိုင်းတော့ ၁၂၉၀ လောက်နဲ့ ပိတ်သွားတယ်ပေါ့နော်။ အရွက်ကတော့ နည်းနည်းလေး ခက်တာပေါ့နော်။ Cash အရွက်ကတော့။ ဒီ Account Transfer တို့ဘာတို့တော့ ဝယ်လို့ ရပါတယ်။ အဲဒီ ပြဿနာ တက်ပြီးတဲ့ နောက်ပိုင်းပေါ့နော် သူတို့ ဖြစ်တဲ့ ၁၂ ရက်၊ ၁၃ ရက် ၊ ၁၄ ရက် ၊ ၁၃ ရက်နေ့ နောက်က စပြီး တက်သွားတာပေါ့နော်။"

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတွင်းသူရဦးရွှေမန်းကို ပါတီရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ ဖယ်ရှားလိုက်ပြီး သူနဲ့ ဆက်နွှယ်မှု ရှိတဲ့ စီးပွားရေး လုပ်ငန်း တချို့မှာ အတားအဆီး တချို့ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာ့ စီးပွားရေး လောကပေါ်မှာ ဂယက်ရိုတ်ခတ်ခဲ့ပြီး ဘဏ်တွေက အပ်နှံငွေတွေ ပြန်ထုတ်ခဲ့ကြတာပါ။

ဒါကြောင့်လည်း ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်တွေပေါ်မှာ ယုံကြည်ကြဖို့ တိုက်တွန်းနေပေမယ့်လည်း ပုဂ္ဂလိက ဘဏ်တွေ ပျက်လု့ိ အခက်တွေ့ခဲ့ကြတဲ့ အတွေ့အကြုံကြောင့် ဘဏ်တွေမှာ ယုံယုံကြည်ကြည် ငွေမထားနိုင်ကြသေးသလို တဖက်ကလည်း မြန်မာ ကျပ်ငွေ ဈေးနှုန်း ကျမှုကြောင့် အရှုံးပေါ်မယ့် အရေးမှာလည်း စိုးရိမ်နေကြတာပါ။

ဒါ့အပြင် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်နဲ့ ကားဈေးကွက်ကလည်း ဈေးအေး တာကြောင့် ရင်းနှီးမြှုပ်နှံသူတို့ လက်ထဲမှာ ငွေထားဖို့ ဆုံးဖြတ်လာကြ တာ ဖြစ်ပါတယ်။ ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် အခြေအနေကိုတော့ တော်ဝင် အိမ်ခြံမြေ ရောင်းဝယ်ရေးက ကိုရှိုင်းကိုကိုက အခုလို ပြောပါတယ်။

"အငှားကတော့ နည်းနည်းပြန်လိုက်တယ်။ အရောင်းအဝယ် ကတော့ အေးတယ်။ ဈေးကတော့ အရမ်းကြီးတော့ မကျပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပုံမှန် လက်ရှိ ဒီဈေးနဲ့လည်း အရင်ဈေးနဲ့ဆို ဈေးက တန့်သွားတာဘဲ ရှိတယ်လေ။ အရောင်းအဝယ် ဈေးတန့်သွားတာဘဲ ရှိတာ ဈေးက ကျမသွားပါဘူး။ ကျနော်တို့ စက်မှုဇုန်တွေကတော့လေ။ အခုလပိုင်းတွေကတော့ တကယ် လုပ်ငန်း လုပ်မယ့်လူတွေသာ ဝယ်ကြတာ များတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူက ဝယ်တဲ့သူက ရှားတယ်။ ရှိတော့ ရှိတာပေါ့။ တော်တော်လေး ပါးသွားတာပေါ့။"

လက်ရှိမှာတော့ အမေရိကန် ဒေါ်လာငွေကြေး ဈေးကွက်ထဲမှာ အဝယ်သာရှိပြီး အရောင်းမရှိသလောက် ဖြစ်နေပါတယ်။ တချိန်တည်းမှာဘဲ ရေဘေးကြောင့် အရေးပေါ် ပစ္စည်းတွေ ဝယ်ယူတင်သွင်းမှု အပြင် နေ့စဉ် အသုံးအဆောင်တွေလည်း တင်သွင်းနေရတာကြောင့် ပြည်တွင်းကုန်စည်ဈေးနှုန်းတွေပါ တက်လာတယ်လို့ ပို့ကုန် လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

"အဓိကကတော့ ငွေဖောင်းပွမှု ဖြစ်လာတဲ့ အပိုင်းပေါ့။ ဒေါ်လာဈေးတက်လာတဲ့ အတွက်ကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်လာတဲ့ အတွက်ကြောင့် ပစ္စည်းဈေးနှုန်း တက်လာတဲ့ အပိုင်းတွေရှိတယ်။ ကျနော်တို့ အသုံးအဆောင် ပစ္စည်းတွေ ဈေးတက်တဲ့ ပုံစံဖြစ်တာပေါ့နော်။ ကျနော်တို့က နဂို ကတည်းက အများစုက ဗမာပြည်က ထုတ်တဲ့ဟာထက် စာရင် ပြည်ပက ဟာဘဲ သုံးရတာကိုး။ နေ့စဉ် သွားလာ စားသောက်တဲ့ ပစ္စည်းတွေကစ Import လုပ်တာ များတာကိုး။ ဒေါ်လာဈေးတက်တယ်ဆိုရင် တိုက်ရိုက်ကို ထိခိုက်မှု ရှိလာတာကိုးနော်။

လက်ရှိ အခြေအနေကတော့ ကျနော်တို့က ဘာဘဲ ဖြစ်ဖြစ်တော့ လုပ်ငန်းချဲ့ထွင်တာထက် စာရင် ရှိပြီးသား လုပ်ငန်းကို ဆက်လက် ထိန်းသိမ်းဖို့ လိုတာပေါ့နော်။ နောက်ပြီးတော့ ကျနော်တို့ အနေနဲ့ စွန့်စွန့်စားစား အလုပ်တွေ မလုပ်ကြဘဲနဲ့ ကိုယ့်ရှိတဲ့ဟာနဲ့ လုပ်နေကြတာကို မြင်တယ်။ နောက် ဘာဘဲ ပြောပြော လက်ရှိ ဆောင်ရွက်နေတဲ့ နိုင်ငံရေး ၊ စီးပွားရေး အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လိုမယ်လို့ ကျနော်တို့ မြင်တယ်ပေါ့နော်။"

စီးပွားရေးလောက တည်ငြိမ် တိုးတက်ရေးက နိုင်ငံရေး အခြေအနေပေါ်မှာ အဓိက မူတည်နေတာကြောင့် လတ်တလောမှာတော့ ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှု အသစ်တွေကို မလုပ်ကြသေးဘဲ လက်ရှိ လုပ်ငန်းတွေကိုသာ အရှိန်မပျက် ထိန်းထားပြီး နိုင်ငံရေး ဖြစ်ထွန်းမှု အခြေအနေကို စောင့်ကြည့်နေကြကြောင်းပါ။

XS
SM
MD
LG