သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့တော်ဒီစီ တဝိုက် နှင်းမုန်တိုင်း စတိုက်


ဗွီအိုအေ အမေရိကန်အသံ VOA ရုံးချုပ်ရှိရာ ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ အခု သောကြာနေ့ ညနေပိုင်းရောက်နေပြီဖြစ်ပြီး နှင်းတွေတဖွဲဖွဲ ကျနေပြီဖြစ်သလို စံချိန်ချိုးလောက်အောင် နှင်းမုန်တိုင်း ကျရောက်ဖို့ ရှိသလိုရာသီဥတု ဆိုးရွားမယ့် အန္တရာယ်ရှိနေပါတယ်။

အခု တောင်ပိုင်းက Tenessee Kentucky နဲ့ မြောက် ကာရိုလိုင်းနား ပြည်နယ်တွေ မှာ နှင်းမုန်တိုင်းကျရောက်စဉ် ယာဉ်တိုက်မှုတွေကြောင့်သေဆုံးရသူ ၅ ဦး ရှိနေပြီလို့ AP သတင်းက ဖေါ်ပြပါတယ်။ အာဏာပိုင်တွေကတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ ဆော်သြထားပါတယ်။

သောကြာနေ့ နေ့လည်ပိုင်းကနေ တနင်္ဂနွေနေ့အထိ ကျမယ့်နှင်းတွေဟာ ဝါရှင်တန်ဒီစီ မြို့တော်မှာ ၂ ပေလောက်အထိ ရှိလိမ့်မယ် လို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပါတယ်။ လေပြင်းတိုက်ခတ်တဲ့ အန္တရာယ်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမယ့် အန္တရာယ်တွေလည်း ရှိနေပါတယ်။ မုန်တိုင်းမဝင်ခင်မှာပဲ ဝါရှင်တန်ဒီစီ မြို့တော်ဝန် Muriel Bowser က သောကြာနေ့ ကစပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့ သလို၊ ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ အစိုးရရုံးတွေဟာလည်း မွန်းလွဲပိုင်းမှာ နေ့တဝက် ပိတ်ပေးခဲ့ပါတယ်။

ဝါရှင်တန်ဒီစီက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း မလုပ်စဖူး အာဏာပိုင်တွေက ပိတ်ဖို့စီစဉ်နေပါတယ်။ နိုင်ငံ အနှံ့က လေယာဉ် ခရီးစဉ်ပေါင်း ၄၅၀၀ ကျော်ကိုလည်း ဖျက်ခဲ့ရပါတယ်။ နှင်းမုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံရနိုင်သလို၊ ဒေသခံတွေ အနေနဲ့ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ စုဆောင်းထားဖိုလည်း အာဏာပိုင်တွေက တိုက်တွန်းထားတာပါ။

ဝါရှင်တန်နဲ့ ကပ်လျက်ရှိနေတဲ့ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာလည်း အရေးပေါ်အခြေအနေ ကြေညာခဲ့သလို၊ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Terry McAuliffe ကလည်း မုန်တိုင်းအန္တရာယ်ကို လူထုအနေနဲ့ အလေးအနက် သတိထားဖို့ နှိုးဆော်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကို အမေရိကန် အရှေ့ဖက်ခြမ်းက လူပေါင်းသန်းနဲ့ချီ ရင်ဆိုင်ရလိမ့်မယ်လို့လည်း အမေရိကန် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG