သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စီးပွားရေး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin မြန်မာပြည်ထွက်ခွာ


နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles H. Rivkin
နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles H. Rivkin

နေပြည်တော်မှာကျင်းပမယ့် အမေရိကန် အာဆီယံ စီးပွားရေး ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles H. Rivkin ဟာ မြန်မာနိုင်ငံကို သွားမှာဖြစ်ပါတယ်။

သြဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ မစ္စတာ Rivkin ဟာ နေပြည်တော်မှာ အာဆီယံ စီးပွားရေးကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံအတွက် အပြန်အလှန် စီးပွားရေး အကျိူးအမြတ်တွေ ရရှိနိုင်မယ့်ကိစ္စတွေကို ဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Rivkin ဟာ ရန်ကုန်မြို့မှာ ရှိနေမှာဖြစ်ပါတယ်။ စီးပွားရေးပိုင်းမှာ ရှေ့တန်းရောက်နေသူတွေနဲ့ တွေ့ဆုံပြီး တီထွင်ဆန်းသစ်မှုဆိုင်ရာ ဆွေးနွေးဖို့ရှိသလို၊ အမျိုးသမီး စွန့်ဦးတီထွင်သူတွေနဲ့လည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်မှာ တွေ့ဆုံမယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Corporate လုပ်ငန်းကြီးတွေရဲ့ လူမှုရေးတာဝန်သိမှုကို ထောက်ပြနေတဲ့ အမေရိကန်ကုမ္ပဏီတခုက ချို့တဲ့သူ လူငယ်တွေကို လေ့ကျင့် သင်တန်းပေးနေတဲ့ နေရာကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိပါတယ်။ စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Charles H. Rivkin ဟာ မြန်မာနိုင်ငံကနေ စင်္ကာပူ၊ ဟောင်ကောင်နဲ့ ဘေဂျင်းမြို့တွေဆီကို ခရီးဆက်သွားမှာ ဖြစ်ပါတယ်။

အာဆီယံ စီးပွားရေးဝန်ကြီးများ စည်းဝေးပွဲကို ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပနေပြီး အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းကြီး ဖော်ဆောင်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးနေကြပါတယ်။

XS
SM
MD
LG