သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက် ဓါတ်မြေသြဇာ စက်ရုံ ပေါက်ကွဲမှု


တက္ကဆက် ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားစဉ်။ ဧပြီလ ၁၈၊ ၂၀၁၃။
တက္ကဆက် ဓာတ်မြေသြဇာစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားစဉ်။ ဧပြီလ ၁၈၊ ၂၀၁၃။
အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ Texas ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ဓါတ်မြေသြဇာ စက်ရုံမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ အတွက် အနည်းဆုံး လူ ၅ ဦးလောက် သေဆုံးပြီး ၁၅ ဦးလောက် အထိ သေဆုံးနိုင်ဖွယ် ရှိတယ်လို့ Texas အာဏာပိုင်တွေက ပြောပါတယ်။

Texas ပြည်နယ် Waco ရဲတပ်ဖွဲ့ ပြောခွင့်ရကတော့ စက်ရုံမှာ ပေါက်ကွဲမှုနဲ့ အတူ မီးလောင်ခဲ့တဲ့နောက် မီးသတ်သမားတွေ မီးငြိမ်းသတ်ဖို့ ကြိုးစားတဲ့ကြားကပဲ အနားက West မြို့ကလေးကိုပါ မီးဆက်လောင်ခဲ့တာမို့ လူပေါင်း ၁၆၀ လောက် ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၅၀ ကနေ ၇၅ အိမ်လောက်ရှိတဲ့ အကွက် ၅ ကွက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုလည်း အတော်များနိုင်တယ်လို့ ပြောပါတယ်။

West မြို့ခံ ၂၈၀၀ လောက်ကို မီးဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ရပါတယ်။ ဒီအထဲမှာ လူအိုရုံက သက်ကြီးရွယ်အို တရာကျော်လည်း ပါပါတယ်။ အခုလောလောဆယ်မှာ အိမ်တွေမှာ ကျန်နေသူ၊ ပိတ်မိနေသူတွေ ရှိမရှိ အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေနေကြပါတယ်။

ဒီဓါတ်မြေသြဇာ စက်ရုံမှာ မီးဘယ်လို စတင်လောင်ကျွမ်းတယ် ဆိုတာကို အာဏာပိုင်တွေက ပြောမပြသေးပါဘူး။ ဒီအခင်းဖြစ်ပွါး တဲ့ နေရာကို လောလောဆယ်မှာ ရာဇဝတ်မှုခင်း အဖြစ် လောလောဆယ်မှာ ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်နေပေမယ့် သက်သေ အထောက်အထား တစုံတရာ မရသေးဘူးလို့လည်း West မြို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။

အဲဒီနေရာနားမှာရှိတဲ့ အထက်တန်းကျောင်း ကိုတော့ အခုအခါမှာ ယာယီ ကယ်ဆယ်ရေး စခန်းအဖြစ် ဖွင့်လှစ်ထားပါတယ်။ အခင်းဖြစ်ပွါးတဲ့ နေရာကို အနားဝန်းကျင်က မြို့တွေနဲ့ ပြည်နယ်တွေကနေ အရေးပေါ်အကူအညီပေးမယ့် သူတွေလည်း လာရောက်နေကြပါတယ်။
XS
SM
MD
LG