သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကယ်ရီ အီရန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ


အမေရိကန်နိုင်ငံခြးရေးဝန်ကြီး John Kerry (ယာ)၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif (ဝဲ)
အမေရိကန်နိုင်ငံခြးရေးဝန်ကြီး John Kerry (ယာ)၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif (ဝဲ)
ဒီနေ့ တနင်္ဂနွေနေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif နဲ့ Munich လုံခြုံရေးညီလာခံပြင်ပ၊ ကျင်းပနေကျမဟုတ်တဲ့ သီးခြားဆွေးဆွေးပွဲတစ်ရပ် ကျင်းပပြီး တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ အငြင်းပွားစရာဖြစ်နေတဲ့ အီရန်-နျူကလီယားပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

နိုဝင်ဘာလက ကျင်းပခဲ့တဲ့ နိုင်ငံတကာဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ ပူးတွဲဆောင်ရွက်မှု အစီအစဉ်ကို အီရန်ဘက်က လိုက်နာဆောင်ရွက်ဖို့နဲ့ နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုအပေါ် ယုံကြည်မှုရှိဖို့ အရေးကြီးကြောင်း စတဲ့ကိစ္စတွေကို ဝန်ကြီးကယ်ရီက အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif ကို ထပ်မံ ပြောခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ပြီး ဖိအားပေးလုပ်ဆောင်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲတွေအတွက် ပြင်ဆင်နေချိန်မှာ အခုလို ကျင်းပတဲ့ အမေရိကန်နဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးပွဲဟာ သိပ်ကို အရေးပါတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton က ပြောပါတယ်။

အီရန်ရဲ့ နျူကလီယားအစီအစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြည့်စုံတဲ့ သဘောတူညီချက် ရနိုင်ဖို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား နောက်တကျော့ စေ့စပ်ညှိနှိုင်းရေး အစည်းအဝေးကျင်းပဖို့ စီစဉ်ထားပါတယ်။ အီရန်နိုင်ငံက နျူကလီယားဗုံး ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲထားပေမယ့် သူ့နိုင်ငံရဲ့ နျူကလီယားအစီအစဉ်ဟာ အရပ်သားပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့ အစီအစဉ်ဖြစ်ပါတယ်လို့ အီရန်ဘက်က အခိုင်အမာ ပြောဆိုနေတာ ဖြစ်ပါတယ်။

အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ဖြေလျော့ပေးစေပြီး အီရန်နျူကလီယား အစီအစဉ်ကို ဆိုင်းငံ့မှုဖြစ်ပေါ်စေခဲ့တဲ့ နိုဝင်ဘာလ အစည်းအဝေးမှာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကြား ပဏာမ သဘောတူညီမှု မှတ်တိုင် စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလက ရခဲ့တဲ့ ၆ လတာ သဘော တူညီမှုကြောင့် ဆယ်စုနှစ်ချီ ကြာနေပြီဖြစ်တဲ့ အီရန်နဲ့ အနောက်နိုင်ငံတွေကြား အီရန်နျူကလီယားပြဿနာအတွက် ပိုပြီး ရှင်းလင်းပြည့်စုံတဲ့ အဖြေရှာ လုပ်ငန်းစဉ်ပုံစံ ရေးဆွဲပြင်ဖို့ စေ့စပ်ညှိနှိုင်းသူတွေအတွက် ပိုပြီး အချိန်ရစေခဲ့တယ်လို့လည်း ဆိုပါတယ်။
XS
SM
MD
LG