သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုအဆင့် မလေးရှားအပေါ် လျှော့ပေါ့ သတ်မှတ်မှု ဝေဖန်ခံရ


မလေးရှားနိုင်ငံအနေနဲ့ အမေရိကန်နိုငိငံခြားရေးဌာနရဲ့ ၂၀၁၅ လူကုန်ကူးမှု နှစ်ပတ်လည်အစီရင်ခံစာမှာ အဆင့် တဆင့်တိုးသွားပေမယ့် ထိုင်းနိုင်ငံကတော့ လက်ရှိအဆင့်မှာပဲ ဆက်ကျန်နေပါတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ကမ္ဘာတလွှား ၁၈၈ နိုင်ငံက အစိုးရတွေရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေး အဆင့်သတ်မှတ်ပေးတဲ့ ဒီအစီရင်ခံစာမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အမေရိကန် လွှတ်တော်ဘက်ကအတော်လေးကန့်ကွက်ခဲ့ကြပေမယ့် မလေးရှားနိုင်ငံဟာ Tier 2 ဒုတိယအဆင့်တိုးပြီး ရောက်သွားခဲ့ပါတယ်။

ဒီကန့်ကွက်သူတွေက မလေးရှား အခုလို အဆင့်မြှင့်ခံရတာက တကယ် လူကုန်ကူးမှုတိုက်ဖျက်ရေးထက် တရုတ်ကို စီးပွားရေးထိန်းညှိဖို့ အမေရိကန်က ဦးဆောင်ဖွဲ့စည်းတဲ့ Trans-Pacific Partnership (ခေါ်) ပစိဖိတ်တလွှားမဟာမိတ်အဖွဲ့မှာပါနိုင်ဖို့ မလေးရှားဘက်က အတားအဆီးတွေကို လျှော့ပေးလိုက်လို့ဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို နိုင်ငံရေးကြောင့် ဆုံးဖြတ်လိုက်တာလို့ အတိုက်အခံပြောလာတာတွေအပေါ် သတင်းထောက်တွေကမေးတာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုလက်ထောက်ဝန်ကြီး Sarah Sewall အနေနဲ့ ဝေ့လည်ကြောင်ပတ် ပြန်ရှင်းခဲ့ရပါတယ်။

မလေးရှား-ထိုင်းနယ်စပ်မှာတွေ့ခဲ့တဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့က ခိုးဝင်လာသူတွေရဲ့ အလောင်းတွေစုမြှုပ်ထားတဲ့နေရာတွေ တွေ့ခဲ့ရချိန်က ဒီ အစီရင်ခံစာအဆုံးသတ်တဲ့ နောက်ဆုံးနေ့နောက်ပိုင်းမှ တွေ့တာဖြစ်တယ်လို့လည်း ဒုလက်ထောက်ဝန်ကြီး Sewall က ပြန်ဖြေခဲ့ပါတယ်။

မလေးရှားအနေနဲ့ ခုလိုတက်သွားပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ မြောက်ကိုရီးယားအပါအဝင် အဆိုးဆုံး ၃ Tier 3 အဆင့် ၂၃ နိုင်ငံထဲမှာ ဆက်ကျန်နေခဲ့တဲ့အပေါ် ထိုင်းအစိုးရဘက်ကလည်း အမေရိကန်ကို ပြန်ဝေဖန်လိုက်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဒီ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အလေးအနက်လုပ်ခဲ့တာကို ဒီအစီရင်ခံစာမှာ မျက်ကွယ်ပြုခဲ့တယ်လို့ ထိုင်းအစိုးရ သတင်းကြေညာချက်က ဆိုပါတယ်။

ဒါပေမယ့် နောက်ဆုံး ဒီ အစီရင်ခံစာမထုတ်မီ ရက်ပိုင်းအတွင်းကျမှ ဒီလူကုန်ကူးတယ်လို့ သံသယရှိသူပေါင်း ၇၂ ဦးကို ဖမ်းဆီးပြီး အမှုစစ်ဆေးနေတာနဲ့ နောက်ထပ် ၄၅ ဦးကိုလည်း ဖမ်းဖို့ အမိန့်ထုတ်ထားတယ်ဆိုတဲ့ သတင်းတွေကို နောက်ထပ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ခုလို မတ်လ ၃၁ ရက် နောက်ပိုင်းလုပ်တဲ့ အရေးယူတိုက်ဖျက်မှုတွေကတော့ နောက်နှစ် အစီရင်ခံစာကျမှ ထည့်သွင်းစဉ်းစားနိုင်မှာဖြစ်တာမို့ အခု သံသယရှိထားသူတွေကို အပစ်ရှိတဲ့အတိုင်း အလေးအနက် အရေးယူမှုတွေအထိ ဆက်လုပ်သွားဖို့ ဘန်ကောက် အမေရိကန်သံရုံး ကြောညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ လားအို့စ်နဲ့ ကမ္ဘောဒီယားတို့လိုပဲ Tier 2 Watch List စောင့်ကြည့်ခံ အဆင့် ၂ နေရာမှာ ဆက်ရှိနေပါတယ်။

XS
SM
MD
LG