သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေကို နှင်မထုတ်ဖို့ တရုတ်ကို အမေရိကန် တိုက်တွန်း


ကချင်စစ်ပြေးဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာ နဲ့ လုံခြုံရေး အခြေအနေ ကြောင့် သူတို့ပြန်ချင်တဲ့ အချိန်ကျမှ ပြန်ခိုင်းသင့်တယ်လို့ အမေရိကန် အစိုးရက တရုတ်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။
ကချင်စစ်ပြေးဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာ နဲ့ လုံခြုံရေး အခြေအနေ ကြောင့် သူတို့ပြန်ချင်တဲ့ အချိန်ကျမှ ပြန်ခိုင်းသင့်တယ်လို့ အမေရိကန် အစိုးရက တရုတ်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကနေ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို နိုင်ငံအတွင်းကနေ အတင်းပြန်မလွှတ်ဖို့ အမေရိကန်က တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံတကာ သဘောတူစာချုပ်တွေနဲ့ အညီ လိုက်နာဆောင်ရွက်ဖို့ကိုလည်း အမေရိကန်က ပြောလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြထားပါတယ်။

မြန်မာအစိုးရတပ်တွေ နဲ့ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေကြရပြီး၊ အဲဒီထဲက တချို့ဒုက္ခသည်တွေဟာ တရုတ်နိုင်ငံဘက်ကိုပါ ထွက်ပြေးခိုလှုံနေကြရပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ဆက်ပြီးတော့ ထွက်ပြေးနေကြရတဲ့တချိန်တည်းမှာပဲ ၊ တရုတ်နိုင်ငံ ကလည်း သူတို့နိုင်ငံဘက်ကို ဒုက္ခသည်တွေ ထပ်ပြီးဝင်မလာအောင် နယ်စပ်ကို ပိတ်ထားလိုက်တယ်လို့ သတင်းတွေကဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံထဲမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို အတင်းအကြပ်ပြန်ပို့နေပြီး ၊ နောက်ထပ်လည်း ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်အစိုးရ အနေနဲ့ ဒီအပေါ်မှာ အထူးပဲစိုးရိမ်မိသလို၊ တရုတ်အစိုးရအနေနဲ့ ဒီလူတွေကို အတင်းပြန်မလွှတ်ပဲ လိုအပ်တဲ့ အကူအညီပေးဖို့ တိုက်တွန်းတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ယာယီပြောရေးဆိုခွင့်ရှိသူ Mr. Ventrell က ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်ပါတယ်။

“တရုတ်-မြန်မာနယ်စပ်မှာ ဒုက္ခရောက်နေကြတဲ့ ကချင်ပြည်သူတွေရဲ့ လူမှုဖူလုံရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ အမှန်တကယ်ပဲ စိုးရိမ်မိပါတယ်။ ဒီပဋိပက္ခကနေ ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံဖို့ရောက် လာကြတဲ့သူတွေကို ယာယီအကာအကွယ်ပေးမယ့် အစီအစဉ်တွေလုပ်ဆောင်ပေးဖို့ တရုတ် အစိုးရကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ အဲဒီလိုဆိုရင် သူတို့ရဲ့နေရပ်တွေကို ပြန်ဖို့ သင့်တော်မယ့် အခြေအနေတွေ မရောက်မချင်း အတင်းအကြပ်ပြန်မပို့နိုင်အောင် အကာအကွယ်ပေးထားနိုင်မှာဖြစ်ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာ နဲ့ လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ပြန်ချင်တဲ့ အချိန်ကျမှ ပြန်သင့်တယ်လို့ အမေရိကန် အစိုးရအနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့် ၁၉၅၁ ခုနှစ် ဒုက္ခသည်များအခြေအနေဆိုင်ရာ သဘောတူစာချုပ် နဲ့ ၁၉၆၇ သဘောတူစာချုပ်တွေမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတနိုင်ငံ တခု အနေနဲ့ နိုင်ငံတကာ ထမ်းဆောင်ရမယ့် တာဝန်တွေကို တရုတ်နိုင်ငံအနေနဲ့ လိုက်နာဖို့ ကျနော်တို့ စဉ်ဆက်မပြတ် တိုက်တွန်းနေ တာဖြစ်ပါတယ်။”

ဒါ့အပြင် တရုတ်အစိုးရကိုလည်း အဲဒီဒေသမှာရှိတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂက အကူအညီတွေပေးနိုင်ဖို့အတွက် နယ်စပ်ကိုဖွင့်ပေးထားဖို့ တိုက်တွန်းထားသလို၊ မြန်မာအစိုးရကို လည်း စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတကာအကူအညီပေးနိုင်အောင် တိုက်တွန်းထားတယ်လို့ အမေရိကန်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အခုလိုမျိုး ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးအဆုံးသတ်ဖို့အတွက် မြန်မာအစိုးရကိုရော ၊ တရုတ်အစိုးရကိုပါ တိုက်တွန်းဆွေးနွေး ထားတာတွေရှိတယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

ဒါပေမဲ့လည်း တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ၊ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ဆိုရင် ကချင်ပြည်နယ်ဖားကန့်ဒေသမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး၊ မြန်မာအစိုးရဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းကနေပါ တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာအစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေ လုပ်နေပေမယ့်လည်း၊ ကချင်ပြည်နယ်ဘက်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်သေးဘဲ ဖြစ်နေပါတယ်။
XS
SM
MD
LG