သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်အစိုးရတွေ ရက်စက်မှု ပိုဆိုး ကန်အစီရင်ခံစာထောက်ပြ


ကမ္ဘာတဝှမ်းမှာရှိတဲ့ အာဏာရှင်အစိုးရတွေဟာ သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လာတဲ့ တိုင်းသူပြည်သားတွေကို ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်ချေမှုန်းနေကြတယ်လို့ အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာ စွပ်စွဲလိုက်ပါတယ်။
နိုင်ငံရေး လွတ်လပ်မှုကို လက်မခံ ငြင်းပယ်တဲ့ အစိုးရတွေဟာ လူထုရဲ့ ယုံကြည်မှုကို ရရှိမှာ မဟုတ်ကြောင်း၊ အဲဒါကြောင့်လည်း အကြမ်းဖက် အစွန်းရောက်မှုတွေ အပါအဝင် တိုင်းပြည်အတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သူ့အနေနဲ့ ပြောကြားလိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံအလိုက် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဌာနက အခု ထုတ်ပြန်တဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို နိုင်ငံခြား စစ်တပ်တွေကို လုံခြုံရေးအတွက် အထောက်အကူပေးဖို့ ဆုံးဖြတ်ချက်ချရာမှာ အခြေခံအဖြစ် အသုံးပြုနိုင်ကြောင်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်ဝန်ကြီး Tom Malinowski က ဗွီအိုအေကို ပြောပါတယ်။
၂၀၁၅ ခုနှစ်အတွင်း လူမှုအဖွဲ့အစည်းတွေအပေါ် ကမ္ဘာ့တဝှမ်းရှိ အာဏာရှင်နိုင်ငံတွေက ဖြိုခွင်း နှိမ်နင်းမှုတွေ ပိုမို တိုးမြင့်လာနေကြောင်း၊ သီးခြား လွတ်လပ်တဲ့ အသံတွေကို တိတ်ဆိတ်သွားအောင် လုပ်ဆောင်တာ၊ နိုင်ငံရေးအမြင် မတူသူတွေ ပပျောက်သွားအောင် လုပ်ဆောင်တာနဲ့ ငြိမ်းချမ်းစွာ ပြောင်းလဲမှု ဖော်ဆောင်နိုင်မယ့် လမ်းစတွေကို ပိတ်ပင်တာတွေ ပြုလုပ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အကြိမ် ၄၀ မြောက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အာဏာရှင် အစိုးရတွေအဖြစ် အစီရင်ခံစာမှာ အမေရိကန် နိုင်ငံခြားရေးဌာနက နာမည်တပ် ပြစ်တင် ဝေဖန်ထားတာမှာ အစဉ်အလာအရ အာဏာရှင် အစိုးရတွေအဖြစ် ရည်ညွှန်းထားတဲ့ မြောက်ကိုရီးယား၊ ကျူးဘား၊ တရုတ်၊ အီရန်၊ ဆူဒန်နဲ့ Uzbekistan နိုင်ငံတွေလည်း ပါဝင်ပါတယ်။
အရပ်သားတွေကို လူမဆန်စွာ တိုက်ခိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာထဲမှာ ပြစ်တင် ရှုတ်ချထားပါတယ်။

XS
SM
MD
LG